Pages

Monday, March 7, 2016

နေပြည်တော်တွင် မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း ဆေးရုံကြီး မကြာမီဖွင့်လှစ်မည်



နေပြည်တော် ၊ ၇-၃-၂၀၁၆

လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး၊ လူတိုင်း ရောဂါဘယ ကင်းရှင်းရေး စသည့် ကျန်းမာရေး ဝန်ကြီးဌာန၏ ရည်ရွယ်ချက် များဖြင့် နေပြည်တော် ခုတင်-၁ဝဝ ဆံ့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးကို မကြာမီ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံကြီးသည် နေပြည်တော် ဥတ္တရသီရိ မြို့နယ် သီရိမဏ္ဍိုင်လမ်း နှင့် သီရိရတနာ လမ်းထောင့် မြေဧက ၁၃ ဧကခန့်တွင် တည်ဆောက်လျက် ရှိရာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သည်။

''ဆေးရုံကြီးကို စတင် ဆောက်လုပ်ခဲ့ စဉ်က ခုတင်-၅ဝဝ ဆံ့ ဆေးရုံ ဆောက်လုပ်ဖို့ ရည်ရွယ်ထား ပါတယ်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ခုတင်-၁ဝဝ ဆံ့ ဆေးရုံအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်'' ဟု အောင်ချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောက်လုပ်ရေး တာဝန်ခံ ကိုထွန်းထွန်းနိုင် က ပြောသည်။

ယခု ဖွင့်လှစ်မည့် ဆေးရုံကြီးသည် နေပြည်တော် တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဝေဒနာရှင် များအတွက် သီးသန့် ဆေးရုံကြီး တစ်ခုအဖြစ် ရည်ရွယ်ဖွင့်လှစ် သွားမည် ဖြစ်သည်။

ဆေးရုံကြီးတွင် အုပ်ချုပ်မှုဆောင် တစ်ဆောင်၊ ပြင်ပလူနာ ဌာနဆောင် တစ်ဆောင်၊ ဓာတ်ရောင်ခြည် ဆောင် တစ်ဆောင်၊ မျက်စိ ကုသဆောင် တစ်ဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်း ကုသဆောင် နှစ်ဆောင်၊ ခွဲစိတ်ဆောင် တစ်ဆောင်နှင့် အထူးကြပ်မတ် ကုသဆောင် တစ်ဆောင်တို့ ပါဝင်ပြီး သံကူ ကွန်ကရစ် တစ်ထပ် အဆောက်အအုံ ဖြစ်သည်။

''ဆေးရုံကြီး ဖွင့်လှစ်ပြီးရင် နေပြည်တော် နဲ့အနီး ပတ်ဝန်းကျင် ဒေသများမှ ဝေဒနာရှင်တွေ လွယ်ကူစွာ ကုသနိုင်တဲ့ အပြင် ရန်ကုန်၊ မန္တလေးက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီး တွေမှာ Workload ကို လျှော့ချပြီး လာရောက် ကုသတဲ့ ဝေဒနာရှင် တွေကို စိုက်ထုတ် ကုန်ကျငွေ လျော့နည်း နိုင်အောင် ဆောင်ရွက်ပေး သွားပါမယ်''ဟု မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီး မှ ဆေးရုံအုပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်လှမာလာ က ပြောသည်။

အဆိုပါ ဆေးရုံကြီးတွင် မျက်စိအထူးကု ဆရာဝန်ကြီး တစ်ဦး၊ မျက်စိ အထူးကု ဆရာဝန် တစ်ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီး တစ်ဦး၊ အထူးကု ဆရာဝန် တစ်ဦး၊ လက်ထောက် ဆရာဝန် တစ်ဦး၊ သူနာပြု ဆရာမကြီး သုံးဦး၊ သူနာပြု ဆရာမ ၁ဝ ဦးဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ဆောင်ရွက် ပေးမည် ဖြစ်သည်။

ထို့ပြင် နောက်ဆုံးပေါ် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ကိရိယာ၊ စမ်းသပ် ပစ္စည်းများဖြင့် ကုသမှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

1 comment: