Pages

Wednesday, March 23, 2016

တောင်သမန်အင်းအတွင်း ငှက်လှေစီးသူ ခရီးသွားများ တစ်ရက်လျှင် ဦးရေ နှစ်သောင်းခန့် လာရောက်လျက်ရှိ



မန္တလေး ၊ ၂၃-၃-၂၀၁၆

ယခုလသည် အပူချိန်မြင့်တက် နေသည့်ကာလ ဖြစ်သော်လည်း တောင်သမန်အင်း အတွင်း ငှက်လှေစီး လည်ပတ်ကာ နေဝင်ဆည်းဆာ ကြည့်ရှုကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား များသည် တစ်ရက်လျှင် ဦးရေ နှစ်သောင်းခန့် လာရောက်လျက် ရှိကြောင်း တောင်သမန်အင်း ငှက်လှေအသင်း ဥက္ကဋ္ဌထံမှ သိရသည်။

ယခုနှစ်သည် အယ်နီညို ရာသီဥတု ဖြစ်ပေါ်သည့် နှစ်ဖြစ်ပြီး ယခင်နှစ်များ ထက်ပို၍ ပူပြင်း ခြောက်သွေ့မှုများ ဖြစ်ပေါ်လျက် ရှိသော်လည်း ယခု လပိုင်းသည် နွေရာသီ ကျောင်းပိတ်ရက် ကာလဖြစ်သည် နှင့်အညီ ဌာနဆိုင်ရာ ရုံးပိတ်ရက် များလည်း များပြားသည့်လ ဖြစ်၍ မြန်မာနိုင်ငံ အနှံ့ပြည်တွင်း၊ ပြည်ပ ခရီးသွားများဖြင့် စည်ကား များပြားလျက် ရှိသည်။

ထို့ပြင် မန္တလေးမြို့၏ အထင်ကရ သမိုင်းဝင် နေရာတစ်ခု ဖြစ်သည့် တောင်သမန်အင်း သို့လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများမှာ တစ်ရက်လျှင် ဦးရေ နှစ်သောင်းခန့် လာရောက် လည်ပတ်လျက် ရှိကြောင်း၊ ရာသီဥတု ပူပြင်းနေ သော်လည်း ပြည်တွင်း ခရီးသွား များသည် တစ်နေကုန် သည်ထိ တောင်သမန်အင်း အတွင်း ငှက်လှေစီး၍ လည်ပတ်မှု ပိုမိုများပြားလျက် ရှိကြောင်း၊ ပြည်ပ ခရီးသွားများ အနေဖြင့် ညနေ နေဝင်ဆည်းဆာ အလှကြည့်ရှု ရန်သာ ငှက်လှေကို ငှားရမ်းစီးနင်း ကြကြောင်း သိရသည်။

''ဒီလပိုင်း ထဲမှာ ပြည်ပခရီးသွား တွေထက် ပြည်တွင်း ခရီးသွားတွေ ပိုများပါတယ်။ ပြည်တွင်းက ဧည့်သည်တွေက မနက်ပိုင်းရော၊ နေ့ခင်းပိုင်းရော၊ ညနေပိုင်းပါ စီးကြပါတယ်။ ပြည်ပက ဧည့်သည် တွေကတော့ ညနေတစ်ကြိမ် လောက်ပဲ အဓိကထား စီးကြတယ်။ သူတို့က နေဝင်ဆည်းဆာ အလှကြည့်ဖို့ကို အဓိကထား တာဆိုတော့ ညနေပိုင်းပဲ စီးတာပါ။ ငှက်လှေစီး ကြတဲ့ ဧည့်သည်ကိုပဲ တစ်ရက်ကို တစ်သောင်းခွဲ၊ နှစ်သောင်းထိ ရှိပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုလပိုင်း တောင်သမန်အင်း အတွင်း ငှက်လှေ စီးနင်းမှုတွင် ပြည်တွင်း ခရီးသွားများ ပိုမို များပြားပြီး ပြည်ပ ခရီးသွား များလည်း နေဝင်ဆည်းဆာ ကြည့်ရှုရန် စီးနင်းလျက် ရှိသည်။ ပြည်ပ ခရီးသွား များတွင် ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ အမေရိကန်၊ ထိုင်းနှင့် အီတလီနိုင်ငံ တို့မှဖြစ်ကြပြီး အီတလီ နိုင်ငံသား အများဆုံး ဖြစ်ကြောင်း၊ လက်ရှိ တောင်သမန်အင်း အတွင်း ငှက်လှေ ၄၅ စီးဖြင့် ပြေးဆွဲလျက် ရှိပြီး အရန် အပါအဝင် ငှက်လှေ အစီးရေ ၆ဝ ဖြင့် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment