Pages

Sunday, March 6, 2016

အခြေခံပညာကဏ္ဍ အတွက် ဆရာ ဆရာမ တစ်သိန်းကျော် ခန့်မည်


ရန်ကုန် ၊ ၆-၃-၂၀၁၆

အခြေခံဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားလာမှုကို ကာမိစေရန် ရည်ရွယ်၍ ပညာရေး ဝန်ကြီးဌာနက လာမည့် ပညာသင်နှစ် အတွင်း ဆရာ တစ်သိန်းကျော် ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းလျက် နိုင်ငံ့သားကောင်း ရတနာများ များစွာမွေးထုတ် ပေးနိုင်မည့်အပြင် အလုပ်အကိုင်များ ပိုမိုရရှိ လာမည်ဖြစ်သည်။ ဆရာ လိုအပ်ချက်ကို သက်ဆိုင်ရာ ဒေသအလိုက် ဖြည့်ဆည်း
ပေးရေးအတွက် ညွှန်ကြားချက် အသီးသီး ကိုလည်း ထုတ်ပြန် ပေးထားသည်။

ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ယခုအခါ ကျောင်းနေနှုန်း မြင့်မားကာ စာတတ်မြောက်မှု နှုန်းထားမှာ ၉၅ ရာခိုင်နှုန်း ကျော်ရှိလာခဲ့ ပြီဖြစ်သည်။ လာမည့် ပညာသင်နှစ် တွင် ဆယ့်နှစ်တန်း ပညာရေးစနစ် စတင်တော့မည် ဖြစ်၍ ဆရာ လိုအပ်ချက် ဖြည့်ဆည်းရင်း နေ့စားလပေး ဆရာများ ဝင်ရောက် လုပ်ကိုင်ခွင့် အတွက် ဝင်ခွင့် စာမေးပွဲများ ဖြေဆိုရမည် ဖြစ်သည်။

ဝင်ခွင့် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတကို ကြိုတင် လေ့လာထားရမည် ဖြစ်ပြီး လျှောက်ထားရန် လိုအပ်သည့် အရည်အချင်း များကို သတင်းစာများတွင် အသေးစိတ် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။ ဆရာ လိုအပ်ချက်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၌ ဆရာများ အများဆုံး လိုအပ်လျက် ရှိသည်။ ယခု ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းပြ ၂၄၃၅၉ ဦး၊ အလယ်တန်းပြ ၆၆၁၃ ဦးနှင့် အထက်တန်းပြ ၅၄၃၁ ဦး လိုအပ်ချက် များကိုလည်းဖြည့်ဆည်း ခန့်အပ်လျက် ရှိသည်။

၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မူလတန်း ပညာရေး အောင်မြင်စွာ သင်ကြားနိုင်ရန် မြန်မာနိုင်ငံ အနေဖြင့် မူလတန်းပြ ဆရာ၊ ဆရာမ စုစုပေါင်း ၁ဝ ဒသမ ၉ သန်းခေါ်ယူရန် လိုအပ်မည်ဟု ယူနက်စကို စာရင်းအင်း သိပ္ပံက ခန့်မှန်းထားသည်။ ယခုနှစ် အခြေခံပညာ ဆရာ ခန့်ထားရေးတွင် ဆရာ အပြောင်းအရွှေ့၊ ရာထူးတိုးများ ပြုလုပ်ပေးခြင်း၊ လိုအပ်လာမည့် မူလတန်းပြ ဆရာနေရာ အတွက် ဘွဲ့ရများကို နေ့စားလပေး ခန့်ထားခြင်းနှင့် ပင်စင် ယူသွားသည့် ဆရာများ၊ ဌာနနှင့် ကင်းကွာနေသည့် ဆရာများအား ကန်ထရိုက် စနစ်ဖြင့် ခန့်ထားခြင်း တို့ ဆောင်ရွက်သွားရန် ပညာရေး ဝန်ကြီးဌာနတွင် ဆွေးနွေးလျက် ရှိသည်။

အထက်တန်းပြ ဆရာ လိုအပ်ချက် ဖြည့်တင်းရန် ပညာရေး တက္ကသိုလ်မှ ပညာရေး (BE.d) ဘွဲ့ရဆရာများကို တိုက်ရိုက်ခန့်ရန်၊ ပညာရေးဘွဲ့(BE.d) စာပေးစာယူ တက်ရောက် နေသူများကို အခြေခံပညာ အလယ်တန်းပြ ဆရာများ အဖြစ် အစမ်းခန့် ထားပြီး ဘွဲ့ရပါက အမြဲခန့်သွားရန်၊ ၂ဝ၁၄ ခုနှစ်က ခန့်ထားသည့် နေ့စားလပေး ဆရာများ အနက် ဒေါက်တာဘွဲ့၊ ပါရဂူဘွဲ့ရရှိသည့် ဆရာများကို ခြောက်လ တစ်ကြိမ် ရာထူးတိုး ပေး၍ အထက်တန်းပြ အဖြစ် အစမ်းခန့် ထားပြီး ပညာရေးဘွဲ့ ရရှိပါက အမြဲခန့်သွား ရန်နှင့် အလယ်တန်းပြ ဆရာများ အနက် လုပ်သက် အနည်းဆုံး ၁ဝ နှစ်ရှိပြီး တာဝန် ကျရာသို့ သွားရောက် ထမ်းဆောင် နိုင်မည့် ဆရာများအား အရည်အချင်းစစ် စာမေးပွဲ ကျင်းပ၍ အစမ်းခန့် ထားရန်နှင့် ပညာရေး ဘွဲ့ရရှိပါက အမြဲ ခန့်သွားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

နိုင်ငံတော်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေး အသုံးစရိတ်ကို အများဆုံး တိုးမြှင့်ချထား ပေးခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန အားလုံး စုစုပေါင်း သုံးစွဲငွေ၏ ၅ ဒသမ ၂၄ ရာခိုင်နှုန်း ကို ပညာရေး ကဏ္ဍအား ခွဲဝေပေး ခဲ့ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment