Pages

Monday, March 21, 2016

ကော်ဖီပင်မှ ပျားရည်ထုတ်လုပ်ခြင်းကို ပြင်ဦးလွင်မြို့နယ် ၌ စမ်းသပ် အကောင်အထည်ဖော်မည်



ပြင်ဦးလွင် ၊ ၂၁-၃-၂၀၁၆

ကော်ဖီပင်မှ ပျားရည် ထုတ်လုပ်ခြင်းကို လာမည့်နှစ်တွင် အကောင် အထည်ဖော် စမ်းသပ်သွားမည် ဖြစ်ကြောင်း ပြင်ဦးလွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပျားလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဖြစ်သူ ဦးအောင်နိုင်ထွန်း က ပြောပြသည်။

၎င်း ကော်ဖီပင်မှ ပျားရည် ထုတ်လုပ်ခြင်းသည် ဗီယက်နမ်နိုင်ငံ တွင် စမ်းသပ် အောင်မြင်လျက် ရှိပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံရှိ ပင်လယ် ရေမျက်နှာပြင် အမြင့်ပေ ၃ဝဝဝ အထက် ကော်ဖီထွက် ရှိရာ ဒေသများ၌ စတင်စမ်းသပ် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်း ပျားလုပ်ငန်း ဦးစီးဌာန စုစုပေါင်း ငါးခုရှိရာ ၄င်းတို့မှာ ပုသိမ်ကြီး ပျားလုပ်ငန်း ဦးစီးဌာန ၊ ကျောက်ပန်းတောင်း ပျားလုပ်ငန်း ဦးစီးဌာန၊ စဥ့်ကိုင် ပျားလုပ်ငန်း ဦးစီးဌာန၊ ပျော်ဘွယ် ပျားလုပ်ငန်း ဦးစီးဌာနနှင့် ပြင်ဦးလွင် ပျားလုပ်ငန်း ဦးစီးဌာနတို့  ဖြစ်သည်။

၎င်းတို့အနက် ကော်ဖီ အများဆုံး စိုက်ပျိုးရာ တောင်ပေါ်ဒေသ ဖြစ်သော ပြင်ဦးလွင် မြို့နယ်၌ ကော်ဖီပင်မှ ပျားရည် ထုတ်လုပ်နိုင်ရန် ကော်ဖီစိုက်ခင်း များ၌ ပျားပုံးထားခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုရာသီ၌ ပန်းအများဆုံး ပွင့်ဖူးရာ လိုက်ချီးခြံ၊ ထောပတ်ခြံ များ၌ ပျားပုံးများ ထားရှိပြီး ပြင်ဦးလွင် ပျားလုပ်ငန်း ဦးစီးဌာနမှ ပျားပုံး ၂ဝဝ ရှိကြောင်း သိရသည်။ 

၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှစ၍ ပုဂ္ဂလိက ပျားမွေးမြူသူ များကို နည်းပညာ၊ ဆေးဝါးပစ္စည်း စသည့်တို့ ပံ့ပိုးပေးလျက် ရှိရာ ပြင်ဦးလွင် မြို့နယ်၌ ယခုအခါ ပျားမွေးမြူသူ ၁၉ ဦးခန့် ရှိလာပြီ ဖြစ်သည်။ ပျားရည် ထုတ်လုပ်ရန် ပျားပုံး ထားရှိရာတွင် ရာသီချိန်ခါ အလိုက် ပန်းများဖူးပွင့်၍ ပိုးသတ်ဆေး သုံးစွဲခြင်း မရှိသော ခြံများ၌ ထားရှိရ သောကြောင့် ပန်းနှမ်းခင်း၊ နှမ်းခင်း၊ ပြောင်းခင်း၊ ဆီးခြံ၊ သရက်ခြံ၊ လဲမှို့ခြံ၊ လိုက်ချီးခြံ၊ ထောပတ်ခြံ နှင့် မက်မန်းခြံများကို အားထား ရသည်။ မြန်မာနိုင်ငံတွင် ကော်ဖီပင်မှ ပျားရည် ထုတ်လုပ်ခြင်း စမ်းသပ် အောင်မြင်ပါက ပျားမွေးမြူရေး လုပ်ငန်းပါ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment