Pages

Thursday, March 10, 2016

ဒီမိုကရေစီကို ပုံဖော်နေသည့် ပြည်သူ၊ ပြည်သားများ စည်းကမ်းနှင့် ဥပဒေကိုလေးစား လိုက်နာရမည် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်သားများ အနေဖြင့်လည်း စည်းကမ်းနှင့် ဥပဒေကို စံနမူနာပြလိုက်နာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းခန်းမဆောင်၌ နည်းပြအရာရှိကြီး များနှင့် သင်တန်းသား အရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်

နေပြည်တော် ၊ ၁၀-၃-၂၀၁၆

အနာဂတ် မြန်မာနိုင်ငံ၏ အနာဂတ် အစီအမံများ ချမှတ် ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး အမြင်များရရှိ စေရန်အတွက် အပြန်အလှန် ပို့ချ ဆွေးနွေးခြင်း၊ စဉ်ဆက်မပြတ် လေ့လာခြင်း၊ စာတမ်းများ ရေးသားပြုစုခြင်း များဖြင့် အတွေ့အကြုံ များစွာရရှိသည့် အဖိုးတန်သင်တန်း တစ်ခုဖြစ်ပြီး လက်တွေ့ နယ်ပယ် လုပ်ငန်းခွင်တွင် လည်း များစွာ အထောက်အကူ ရရှိစေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း ခန်းမဆောင်၌ နည်းပြအရာရှိကြီး များနှင့် သင်တန်းသား အရာရှိကြီး များအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က နိုင်ငံရေးသမိုင်း နောက်ခံနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်း များစွာ ကတည်းက ပြည်ထောင်စုသား များနှင့် စုစည်း တည်ဆောက် ထားသည့်နိုင်ငံ တစ်ခုဖြစ်ပြီး အနော်ရထာမင်း လက်ထက် ပထမ မြန်မာနိုင်ငံတော်၊ ဘုရင့်နောင် မင်းတရားကြီး လက်ထက် ဒုတိယမြန်မာ နိုင်ငံတော်၊ အလောင်းမင်း တရားကြီး လက်ထက် တတိယ မြန်မာနိုင်ငံတော် ခေတ်ကာလ များတွင် ဘုန်းမီးနေလ ထွန်းတောက်၍ မြန်မာတို့၏ သြဇာ သက်ရောက်သည့် ပိုင်နက်နယ်မြေ သည် မာလာယု ကျွန်းဆွယ်၊ ကမ္ဘောဒီးယား နှင့် ယိုးဒယား နယ်မြေအချို့၊ မဏိပူရ၊ အာသံနယ်မြေ များအထိ သြဇာ သက်ရောက် ခဲ့ကြောင်း၊ သို့သော် ၁၈၂၄ ခုနှစ်မှ စတင်ခဲ့သည့် ဗြိတိသျှနယ်ချဲ့ တို့၏ ကျူးကျော်စစ် များကြောင့် ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးပါ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်း သစ္စာဖောက်တို့၏ သစ္စာမဲ့သည့် ဖြစ်ရပ်များကြောင့် နယ်ချဲ့များ ရတနာပုံ နန်းတော်အထိ အလွယ်တကူ ဝင်ရောက် နိုင်ခဲ့ပြီး မိမိတို့ ထီးနန်း ပျောက်ခဲ့ရကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးမှုကြောင့် တိုင်းပြည်၏ နယ်မြေများ အပြောင်းအလဲ ဖြစ်ခဲ့ရကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် လက်ရှိ နယ်နိမိတ် အတိုင်း တည်မြဲ နေအောင်၊ မပွန်းပဲ့ မပြိုကွဲအောင် တပ်မတော် နှင့် ပြည်သူတို့ လက်တွဲ၍ ယနေ့ထိအောင် ထိန်းသိမ်းခဲ့ ရကြောင်း ပြောကြားသည်။

လွတ်လပ်ရေး ဆုံးရှုံးခဲ့ရမှု၏ အကျိုးဆက်များ အဖြစ် နယ်ချဲ့တို့က မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လယ်ကူလီ အဖြစ် ဘင်္ဂလားနယ်မှ ခေါ်လာခဲ့ကြောင်း၊ ယင်းတို့ ဦးရေ တဖြည်းဖြည်း များပြားလာသည့် အပြင် နယ်ချဲ့တို့မှ ဖက်ဆစ်တို့ကို ပြန်လည် တိုက်ခိုက်ရန် ပေးသည့် လက်နက်များဖြင့် ဒေသခံ ရခိုင်လူမျိုး များကို တိုက်ခိုက် သတ်ဖြတ်မှုများ၊ နယ်မြေမှ မောင်းထုတ်ခဲ့ မှုများကြောင့် ယနေ့တိုင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားနေ ရကြောင်း၊ အလားတူ ကိုလိုနီခေတ် မြန်မာနိုင်ငံ ၏ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍ များတွင်လည်း မိမိတို့ နိုင်ငံသားများ အတွေ့အကြုံ မရှိခဲ့မှုကို အကြောင်းပြ၍ နိုင်ငံခြားသား များ၊ သွေးနှော ကပြားများ၏ လွှမ်းမိုးချုပ်ကိုင် ထားမှု ၊ လက်ဝါးကြီးအုပ် ခြယ်လှယ်မှုများစွာ ရှိခဲ့ကြောင်း၊ ယင်း အကျိုးဆက် များကို လွတ်လပ်ရေး ရပြီးသည့်တိုင် အချုပ်အခြာ အာဏာ အပြည့်အဝ မရရှိဘဲ ဆက်လက်ခံစား ခဲ့ရကြောင်း၊ အတိတ်သမိုင်း မှရသည့် အတွေ့အကြုံ များအရ ၄င်း အန္တရာယ် များကို ကျော်လွှားနိုင်ရန် လိုအပ်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ သည်ကို နားလည်ရန် လိုကြောင်း ဆက်လက် ပြောကြားသည်။

နိုင်ငံရေး ကျင့်သုံးမှု စနစ်နှင့် ပတ်သက်၍ ရှေးယခင်က ဘုရင်စနစ် ကျင့်သုံး ခဲ့ကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် ကိုလိုနီခေတ်တွင် သီးခြား ပြဋ္ဌာန်းသည့် ဥပဒေဖြင့် အုပ်ချုပ်ခဲ့ ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့ကြောင်း၊ ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ကြားကာလတွင် ကမ္ဘာ့နိုင်ငံရေး ၌ အရင်းရှင်စနစ် နှင့်ကွန်မြူနစ်၊ ဆိုရှယ်လစ် စနစ် နှစ်ခု အားပြိုင်ခဲ့ သည်ကို တွေ့ရကြောင်း၊ စစ်ရှုံးနိုင်ငံများ၊ လွတ်လပ်ရေး ဆုံးရှုံးသည့် နိုင်ငံ အများစုသည် ကွန်မြူနစ် အယူအဆ များကို လက်ခံခဲ့ ကြကြောင်း၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံ တွင်လည်း နိုင်ငံရေး လုပ်ဆောင်သူ များနှင့် တပ်မတော်ပိုင်း တွင်ပါ ယင်း အယူအဆများ အုပ်စုကွဲ နေခဲ့ကြောင်း၊ အရင်းရှင်နှင့် ကွန်မြူနစ် အုပ်စုကြီး နှစ်ခုအတွင်း တွင်ပင် ထပ်မံ၍ အုပ်စုများ ကွဲပြားနေသဖြင့် ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံး သော်လည်း ရောပြွမ်း နိုင်ငံရေးစနစ် ဖြစ်နေသည်ကို တွေ့ရကြောင်း ထည့်သွင်း ပြောကြားသည်။

နိုင်ငံဖြတ်သန်းခဲ့ ရသည့် သမိုင်းကြောင်း အရ လွတ်လပ်ရေးမရမီ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ် အခြေခံပြီး ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၏ အားနည်းမှု ကြောင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန် တပ်မတော် အနေဖြင့် ၁၉၆၂ ခုနှစ် တွင် အာဏာသိမ်းခဲ့ ရခြင်း ဖြစ်ကြောင်း၊ ယင်းအချိန်က နိုင်ငံရေး၊ အုပ်ချုပ်ရေး နှင့်စီးပွားရေး ကဏ္ဍများတွင် နိုင်ငံခြားသားများ၊ သွေးနှောများ၏ လက်ဝါးကြီးအုပ် လွှမ်းမိုးချုပ်ကိုင်မှု များသည်လည်း နိုင်ငံ၏ အကျပ်အတည်း တစ်ခုအဖြစ် တွေ့ရကြောင်း၊ တော်လှန်ရေး ကောင်စီ ခေတ်တွင်လည်း အရင်းရှင်စနစ် အုပ်စု၊ ကွန်မြူနစ်အုပ်စု နှင့် ဆိုရှယ်လစ်အုပ်စု စသည်ဖြင့် ကွဲပြားမှုများ ရှိခဲ့သော်လည်း ဆိုရှယ်လစ်စနစ် ကျင့်သုံးခဲ့ကြောင်း၊ ယင်းနောက် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တစ်လျှောက် လုံးတွင် ဆိုရှယ်လစ် အုပ်ချုပ်မှုစနစ်၊ စီမံကိန်း စီးပွားရေးစနစ် ကျင့်သုံးခဲ့ကြောင်း၊ ၄င်းစနစ်တွင် နိုင်ငံတော်မှ တာဝန်ယူမှုကို ဇောင်းပေး ထားသည့်အတွက် လူများ၏ အသိစိတ်ဓာတ် ဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်စေခဲ့ သလို အုပ်ချုပ်ရေးနှင့် စီးပွားရေး စီမံကိန်းများ အားနည်းခဲ့ကြောင်း၊ ယင်း အထွေထွေ အားနည်းချက် များကြောင့် ၁၉၈၈ ခုနှစ်တွင် ဆူပူအုံကြွမှုကြီး ဖြစ်ပေါ်ပြီး ပြည်သူတို့က ပါတီစုံ ဒီမို ကရေစီ စနစ်ကို တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က အခြေအနေ အရပ်ရပ်ကို ဝင်ထိန်းသိမ်းခဲ့ပြီး ယင်းအချိန်မှ စ၍ ဗဟို ဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် ကာလတွင်ပင် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရန် နိုင်ငံရေး အခင်းအကျင်းများ ပြင်ဆင်ချထား ခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ လက်ရှိကျင့်သုံး နေသည့် ပါတီစုံ ဒီမိုကရေစီစနစ် ပထမအဆင့် ၅ နှစ်သက်တမ်း တွင်လည်း တပ်မတော် အနေဖြင့် ယင်း လမ်းကြောင်းတွင် ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်း နိုင်ရန် ပါဝင် လုပ်ဆောင် ခဲ့ကြောင်း၊ တိုးတက်မှု များလည်း ရရှိခဲ့ကြောင်း၊ ဆက်လက် လျှောက်လှမ်း ရမည့် ဒုတိယအဆင့် တွင်လည်း လက်ရှိ အခြေအနေ များမှ ယိမ်းယိုင်မှုကို လက်မခံ နိုင်ကြောင်း၊ မိမိနိုင်ငံ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိဖြင့် ရပ်တည်နိုင်အောင် ကြိုးစားလုပ်ဆောင် ရမည် ဖြစ်ကြောင်း ၊ အိမ်နီးချင်း နိုင်ငံများ ၊ ကမ္ဘာ့နိုင်ငံများ မှ ယုံကြည်မှု ရှိရမည် ဖြစ်ကြောင်း၊ မိမိတို့ သွားနေသည့် လမ်းကြောင်း ပေါ်တွင် မှန်ကန်စွာ ရပ်တည်နေ သည်ကို လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ ယင်းသို့ ထိန်းသိမ်း လုပ်ဆောင်သွား နိုင်ပါက လာမည့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်း ယခုထက် တိုးတက် ပြောင်းလဲမှုများ ဖြစ်ပေါ်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး နှင့်ပတ်သက်၍ လည်း လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး မူဝါဒများအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ဆောင်ရွက်နေကြောင်း၊ မည်သည့်နိုင်ငံ၊ မည်သည့် အုပ်စု၏ နောက်လိုက် မဟုတ်သကဲ့သို့ မိမိနိုင်ငံ အနေဖြင့် မိတ်ဆွေနိုင်ငံ များသာရှိပြီး ရန်သူနိုင်ငံ မရှိကြောင်း ထည့်သွင်း ပြောကြားသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးမှုနှင့် ပတ်သက်၍ မိမိအိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့် ပါက မိမိနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်သည့်ပုံစံ၊ စနစ်ကိုသာ ကျင့်သုံးနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း မိမိနိုင်ငံနှင့် လိုက်လျော ညီထွေမှုရှိသည့် ပါတီစုံ လမ်းကြောင်းကို ကျင့်သုံးခြင်း ဖြစ်ကြောင်း၊ သမိုင်းကြောင်း အရ ဘုရင်စနစ်မှ လွတ်လပ်ရေးရပြီး ယနေ့ကာလ အထိ တိုင်းပြည် မပြိုကွဲစေရန် တပ်မတော်ကပင် ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အမျိုးသား နိုင်ငံရေးကဏ္ဍ တွင် တိုင်းပြည်မယိုင်လဲ၊ မပြိုကွဲစေရန် ပါဝင်နေခြင်း ဖြစ်ကြောင်း၊ မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် တည်ငြိမ် အေးချမ်းမှုသည် အဓိကကျကြောင်း၊ တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုမရှိပါက ပရမ်းပတာ ဒီမိုကရေစီသာ ဖြစ်နိုင်ကြောင်း၊ စည်းနှင့်ကမ်းနှင့် ဒီမိုကရေစီ ဖြစ်ရန်အတွက် ဥပဒေလေးစား လိုက်နာမှုသည် အရေးကြီးေ ကြာင်း၊ ဒီမိုကရေစီ စနစ်အား လက်ခံပါက၊ လေးစားမြတ်နိုး ပါက၊ အဓွန့်ရှည်စေလို ပါက စည်းကမ်းရှိရန်၊ ဥပဒေကို လေးစားလိုက်နာ ရန်လိုကြောင်း၊ ဒီမိုကရေစီကို ပုံဖော်နေသည့် ပြည်သူ၊ ပြည်သားများ စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာ ရမည် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက် နေသည့် တပ်မတော်သားများ အနေဖြင့်လည်း စည်းကမ်းနှင့်ဥပဒေကို စံနမူနာပြ လိုက်နာရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စီးပွားရေးသည် တိုင်းပြည် တစ်ခု၏ အဓိကကျသည့် မောင်းနှင်အားပင် ဖြစ်ကြောင်း၊ စီးပွားရေး ကောင်းမွန်မည် ဆိုပါက နိုင်ငံရေးတည်ငြိမ်မှု ရှိမည်ဖြစ်ပြီး ကာကွယ်ရေး စွမ်းအားလည်း မြင့်မားလာမည် ဖြစ်ကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှု ရှိမှလည်း စီးပွားရေး ကောင်းမွန်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း၊ မြန်မာနိုင်ငံ၏ ရည်မှန်းချက် သည်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းရှိသည့် ဒီမိုကရေစီ နိုင်ငံသွားရန် ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရန် အတွက် စီးပွားရေး အားကောင်းရန် လိုကြောင်း၊ နိုင်ငံတကာတွင် ထာဝရမိတ်ဆွေ နိုင်ငံ၊ ထာဝရရန်သူ နိုင်ငံ ဟူ၍မရှိဘဲ ထာဝရ စီးပွားရေး၊ ထာဝရ အကျိုးစီးပွားသာရှိကြောင်း၊ စီးပွားရေး အားကောင်းရန် အတွက် တိုင်းပြည်၏ ပကတိ အခြေအနေကို ပစ်ပယ်၍ မရကြောင်း ပြောကြားသည်။ 

အခြေခံ မကောင်းဘဲ စက်မှုနိုင်ငံ သွားရန် မရသဖြင့် အခြေခံ ကောင်းအောင် လုပ်ရမည်ဖြစ်ပြီး ပညာတတ်များ မွေးထုတ်ပေး ရမည်ဖြစ်ကြောင်း၊ နှစ်စဉ်ပြုစု ထားသည့် စာရင်းများအရ မြန်မာနိုင်ငံရှိ ကျောင်းသားများ ၏ တစ်ဝက်ခန့်သည် မူလတန်း အဆင့်တွင်ပင် ကျန်ရှိခဲ့ကြောင်း၊ ၃ဝ ရာခိုင်နှုန်းခန့်မှာ အလယ်တန်း ပညာတွင် ပြီးဆုံးခဲ့ပြီး ၂ဝ ရာခိုင်နှုန်းခန့်သာ အထက်တန်း ပညာသို့ ရောက်ရှိ ခဲ့ကြောင်း၊ အထက်တန်း ရောက်ရှိသူ များထဲမှ ၃၅ ရာခိုင်နှုန်းခန့်သာ အဆင့်မြင့် ပညာသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် ပညာရေး မြှင့်တင်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ခန့်သည် ကျေးလက်နေ ပြည်သူများ ဖြစ်သဖြင့် ၄င်းတို့၏ ပညာရေး၊ စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တာဝန် ထမ်းဆောင် နေသော ဒေသများရှိ ဒေသခံများနှင့် ၄င်းဒေသများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာတတ် ပေါကြွယ်ဝ ရေးနှင့် စီးပွားရေး ကောင်းမွန်ရေး တို့ကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ ပကတိ အခြေအနေနဲ့ ကိုက်ညီသည့် စီးပွားရေး စနစ်ကို ပုံဖော်နိုင်ရန် အတွက် တပ်များတွင် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်စေလျက် ရှိပြီး အကျိုးအမြတ်ကို အဓိကမထားဘဲ မိသားစု သက်သာ ချောင်ချိရေး ကိုသာ အဓိကထား ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် မှုကြောင့် ၄င်းဒေသ အလိုက် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို လျှော့ချနိုင်မည် ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေးကို ကောင်းမွန်အောင် တပ်မတော်မှ တစ်စိတ်တစ်ပိုင်း ပါဝင် ဆောင်ရွက် ပေးခြင်းလည်း ဖြစ်သဖြင့် အသိစိတ်ဓာတ် ရှိရှိဖြင့်  လုပ်ဆောင်နိုင်ရေး တာဝန်ရှိ သူများမှ ကြပ်မတ် ဆောင်ရွက် သွားကြရန် မှာကြား လိုကြောင်း ပြောကြားသည်။

အုပ်ချုပ်ရေးပိုင်း တွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို သွားနေခြင်း ဖြစ်ပြီး စည်းကမ်းနှင့် ဥပဒေသည် အရေးကြီးကြောင်း၊ စည်းကမ်း ဆိုသည်မှာ အဖွဲ့အစည်း တစ်ခု၏ ထုတ်ပြန်သော တိုက်တွန်းချက်၊ တားမြစ်ချက်များ ဖြစ်ပြီး ဥပဒေ ဆိုသည်မှာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ကြောင်း၊ ဥပဒေသည် ပြင်းထန်ပြီး ကန့်သတ်ချက်၊ သတ်မှတ်ချက် နှင့် အရေးယူရန် ပုဒ်မများ ပါရှိကြောင်း၊ တပ်မတော်သား များ အနေဖြင့် ၄င်းတို့ကို သိရှိထားရန်နှင့် လိုက်နာရန် လိုအပ်ကြောင်း၊ တပ်မတော်၏ စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက် များကို သိရှိနားလည် ရမည်ဖြစ်ပြီး နယ်ဘက်ဆိုင်ရာ ဥပဒေ စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ နိုင်ငံတော်မှ ထုတ်ပြန် ထားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း များကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသ များတွင် တာဝန်ထမ်းဆောင် နေသော တပ်မတော်သားများ အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်သော မူဝါဒများကို နားလည်ထားရန် လိုအပ်ကြောင်း၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး ကိစ္စရပ်များကို နိုင်ငံအလိုက် သိရှိနားလည်အောင် လေ့လာထားရန် လိုကြောင်း ပြောကြားသည်။

Child Soldier နှင့် ပတ်သက်၍လည်း တပ်သားသစ် စုဆောင်းရာတွင် သတ်မှတ် ထားသော စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ရန်နှင့် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက် များကို သေသေချာချာ လိုက်နာရန်  လိုအပ်ကြောင်း၊ အလားတူ Force Labour နှင့်ပတ်သက်၍ ညွှန်ကြားချက် အတိုင်း တိတိကျကျ လိုက်နာရန် လိုကြောင်း၊ မသုံးပါနှင့် ပြောထားလျှင် လုံးဝမသုံးရန်  လိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ တပ်မတော်သား များနှင့် မှီခိုသူ မိသားစုဝင်များ ကျန်းမာရေး ကောင်းမွန်ရန် လိုအပ်သကဲ့သို့ ပြည်သူများ အနေဖြင့် လည်း ကျန်းမာရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှ အလုပ်လုပ် နိုင်မည်၊ ပညာသင်ကြား နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် အနေဖြင့် မကြာသေးမီက ပင်လယ်သွား တပ်မတော် ဆေးရုံသင်္ဘော (သံလွင်)ဖြင့် ကိုကိုးကျွန်း နှင့် ဟိုင်းကြီးကျွန်း မြို့နယ်များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဆက်လက် ၍လည်း ရခိုင်နှင့် တနင်္သာရီ ဒေသများသို့ စေလွှတ် ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ် များတွင်လည်း တိုင်းမှူးများ အစီအစဉ် ဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက် ရှိပြီး ဒေသခံ ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍ မြှင့်တင်ရေးကို ကူညီဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ မကြာသေးမီက နာဂဒေသသို့ သွားရောက် ရာတွင် ဆရာဝန် အခက်အခဲ ရှိနေသည်ကို တွေ့ရသဖြင့် နာဂဒေသနှင့် ချင်းပြည်နယ်သို့ တပ်မတော် ဆရာဝန် ၄၄ ဦး တွဲဖက် တာဝန်ချထား၍ တိုင်းရင်းသား များ၏ ကျန်းမာရေး မြှင့်တင်မှု ဆောင်ရွက် စေမည် ဖြစ်ကြောင်း၊ ဒေသအတွက် လိုအပ်ချက် မရှိပါက တပ်မတော် သို့ပြန်ခေါ်မည် ဖြစ်ကြောင်း၊ တပ်မတော်သား များသည်လည်း တစ်ဦးချင်း ကျန်းမာရေး ဂရုစိုက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြ အရာရှိကြီး များနှင့် သင်တန်းသား အရာရှိကြီး ၇၉ ဦးတို့ တက်ရောက်ခဲ့ ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှုရုံး ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာစဉ်



တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ ဧည့်ကြိုဆောင် အတွင်း ခင်းကျင်းပြသ ထားသော ပြခန်းများနှင့် ရှေးခေတ်မြန်မာ့ တပ်မတော် စတင်ပေါ်ပေါက် လာချိန်မှ စတင်၍ မျက်မှောက်ကာလ အထိ အကြောင်းအရာ များကို ခင်းကျင်းပြသ ထားသည့် စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက် မှူးရုံးပြခန်း အတွင်းရှိ ရှေးဟောင်း ကျောက်ဖြစ် ရုပ်ကြွင်းများ၊ ရှေးခေတ် တပ်မတော်သုံး ပစ္စည်းများနှင့် လက်နက် ကိရိယာများ၊ နယ်ချဲ့ ဆန့်ကျင်ရေး ကာလ မျိုးချစ် သူရဲကောင်း ခေါင်းဆောင်ကြီး များ၏ အသုံးအဆောင် ပစ္စည်းများနှင့် လက်နက် ကိရိယာများ၊ အင်္ဂလိပ်တို့ အသုံးပြု ခဲ့သော လက်နက် ပစ္စည်းများ၊ ဗမာ့ လွတ်လပ်ရေး တပ်မတော်နှင့် ဗမာ့ ကာကွယ်ရေး တပ်မတော် တို့တွင် အသုံးပြုခဲ့သော လက်နက်များနှင့် ပစ္စည်း ကိရိယာများ၊ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော ပစ္စည်းများ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း ဗြိတိသျှနှင့် ချုပ်ဆိုခဲ့သော သမိုင်းဝင် စာချုပ်စာတမ်းများ၊ လွတ်လပ်ရေး ရပြီးနောက် မြန်မာ့ တပ်မတော်မှ ဆင်နွှဲခဲ့သော သမိုင်းဝင် တိုက်ပွဲကြီးများနှင့် စစ်ဆင်ရေးများ၊ အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့သော ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ချက် များနှင့် တပ်မတော် ခေါင်းဆောင်များ အား ပြည်ပနိုင်ငံ များနှင့် တိုင်းရင်းသား ခေါင်းဆောင်များမှ ပေးအပ်ခဲ့သော လက်ဆောင် ပစ္စည်းများ ခင်းကျင်းပြသ ထားမှုကို လှည့်လည် ကြည့်ရှု လေ့လာကြရာ မော်ကွန်းတိုက်မှူး နှင့် တာဝန်ရှိ သူများက ရှင်းလင်းတင်ပြ ကြသည်။ ရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြခန်းများတွင် ရုပ်လုံးရုပ်ကြွ များ၊ ဓာတ်ပုံများ ထပ်မံဖြည့်တင်း ပြသနိုင်ရေးနှင့် ယခုထက်ပိုမို အဆင့်မြှင့်တင် ၍ ပြသနိုင်ရေး ဆောင်ရွက်ရန် မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment