Pages

Friday, February 19, 2016

ညောင်ကန် နှင့် အုတ်အိုင်ဒေသ၌ တူးဖော်တွေ့ရှိရသော ကြေးခေတ် အထောက်အထားများကို သက်တမ်းအတိအကျ သိရှိစေရန် သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေး



ဘုတလင် ၊ ၁၉-၂-၂၀၁၆

ညောင်ကန်နှင့် အုတ်အိုင်ဒေသ ၌ တူးဖော် တွေ့ရှိရသော ကြေးခေတ် အထောက်အထား ပစ္စည်းများကို သက်တမ်း အတိအကျ သိရှိစေရန် သိပ္ပံနည်းကျ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ နှင့်အုတ်အိုင်ကျေးရွာ တို့၌ ကြေးခေတ် ယဉ်ကျေးမှု သုတေသန တူးဖော်မှုမှ တွေ့ရှိရသည့် လူအရိုးများ၊ မြှုပ်နှံထားသော အိုးခွက်များ၊ ပုတီးစေ့များ၊ ကျောက်ကွင်းများ နှင့် ကျောက်လက်နက် များကို မျိုးဗီဇ စစ်ဆေးခြင်း၊ ကာဗွန် ဒိုင်အောက်ဆိုက် နည်းစနစ်ဖြင့် စမ်းသပ် စစ်ဆေးခြင်းနှင့် အပူတိုင်း ရောင်စဉ်နည်း ဖြင့် ရက်စွဲရှာဖွေခြင်း တို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ပြောသည်။

''သိပ္ပံနည်းကျ စမ်းသပ် စစ်ဆေးပြီး ရရှိလာတဲ့ အချက်အလက် တွေပေါ်မှာ ဘီစီနဲ့ သက္ကရာဇ် ဘယ်လောက် ဆိုတာကို သိရှိနိုင်အောင် လုပ်ရမှာပါ။ ပြည်ပ ပညာရှင်တွေက ဒီစမ်းသပ်မှုတွေကို လုပ်ပေးသွားမယ်။ အဓိက ကတော့ ခေတ်အပိုင်းအခြားကို သိရှိဖို့ပါ။ ကြေးခေတ်ဟာ မြန်မာနိုင်ငံမှာ အဆက်ပြတ် နေခဲ့တယ်။ အဲဒါကို အနှစ် နှစ်ဆယ်ကျော် တူးဖော်မှုတွေ လုပ်ပြီးတော့မှ သိရှိခဲ့ရတဲ့ အတွက် ကမ္ဘာ ကိုလည်း ကြေညာ နိုင်ခဲ့တယ်''ဟု ၄င်းက ဆက်လက် ပြောသည်။

တူးဖော်မှု လုပ်ငန်းများကို ဇန်နဝါရီ ၁ ရက်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲမှ ဝန်ထမ်းများ၊ ပညာရေး ဝန်ကြီးဌာန ရှေးဟောင်း သုတေသန ပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ပြင်သစ်နိုင်ငံမှ ရှေးဟောင်း သုတေသန ပညာရှင် ရှစ်ဦးတို့ဖြင့် ဆောင်ရွက်လျက် ရှိပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် တူးဖော်မှု လုပ်ငန်းများ အပြီးသတ်၍ စစ်ဆေးလေ့လာမှု လုပ်ငန်းများ စတင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကျောက်ခေတ် ယဉ်ကျေးမှု နှင့် သံခေတ်ယဉ်ကျေးမှု တို့ကို စောစီးစွာ လေ့လာ သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ သော်လည်း ကြေးခေတ် ယဉ်ကျေးမှုမှာ အဆက်ပြတ်လျက် ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment