Pages

Wednesday, February 3, 2016

အကောက်တောင်ရှိ တောင်နံရံများပေါ်တွင် ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော်များ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားမှု များလာ



ကြံခင်း ၊ ၃-၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နယ်မှ ၁၆ မိုင်ကွာဝေးပြီး ပဲခူးတိုင်း ဒေသကြီး ထုံးဘိုမြို့မှတစ်ဆင့် သွားရောက် နိုင်သော အကောက်တောင်ရှိ တောင်နံရံများ ပေါ်တွင် ထွင်းထုထားသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် များအား ယခင်နှစ် များထက် ပြည်ပခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စားမှုများ လာကြောင်း သိရသည်။

အကောက်တောင်ရှိ ရှေးဟောင်း တောင်နံရံပေါ်တွင် ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော်များ အား ပြည်ပခရီးသွား ဧည့်သည်များ လာရောက် လေ့လာမှုများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝ ကျော် ကတည်းက ဖြစ်ပြီး ဂျာမနီလူမျိုးများ အနေဖြင့် ထွင်းထုသည့် ဗုဒ္ဓရုပ်ပွားတော် များ၏ လက်ရာများကို စိတ်ဝင်တစားဖြင့် အသေးစိတ် လေ့လာကြကြောင်း သိရသည်။

အကောက်တောင်ရှိ နံရံကပ် ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော် များကို ဒေသခံများ နှင့် သမိုင်းပညာရှင် တချို့က ကုန်းဘောင်ခေတ် နှောင်း ဘကြီးတော် မင်းလက်ထက်မှ စတင်ထွင်းထု ခဲ့သည်ဟု ခန့်မှန်း ထားကြခြင်း ဖြစ်သည်။

ယခင်က အဆိုပါနံရံ များတွင် ရုပ်ပွားတော် ၈ဝဝ ကျော် ရှိခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ အထိ နောက်ဆုံး စစ်ဆေးမှုများ အရ ပျက်စီးယိုယွင်း နေသော ရုပ်ပွားတော် များအပါအဝင် ရုပ်ပွားတော်ပေါင်း ၃၈၂ ဆူသာရှိတော့ ကြောင်း သိရသည်။

''ဒီလောက် မတ်စောက်တဲ့ နံရံတွေပေါ်မှာ ထွင်းထုခဲ့တဲ့ အံ့မခန်း လက်ရာတွေကို နိုင်ငံခြား ခရီးသွားဧည့်သည် တွေက ပိုပြီး စိတ်ဝင်တစား လေ့လာကြတယ်။ ကျွန်တော် တို့အနေနဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ဒီထက်ပို သိလာအောင် ပြည်မြို့က ဟိုတယ် နှင့်ခရီးသွားလာရေး ဌာနကို တင်ပြဖို့ရှိ ပါတယ်'' ဟု အကောက်တောင် ဘုရားဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက ပြောသည်။

အကောက်တောင်ရှိ ရုပ်ပွားတော် များကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ အသေးစိတ် လေ့လာနိုင်ရန် တစ်လလျှင် နှစ်ကြိမ်ခန့် ဧရာဝတီမြစ် အတွင်း မြစ်ကြီးနား၊ မန္တလေးမှ ရန်ကုန်သို့ သွားလာသည့် ပြည်ပခရီး သီးသန့် ဝန်ဆောင်မှု ပေးသော ခရီးသွား သင်္ဘောများသည် ယင်းနေရာ၌ ခေတ္တရပ်နား ပေးလျက် ရှိကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွားဧည့်သည် များအနေဖြင့် စနေနှင့် တနင်္ဂနွေ နေ့တို့ထက် ကြားရက်များတွင် ပြည်မြို့မှ တစ်ဆင့် လာရောက်မှု များပြားကာ တစ်လလျှင် ပျမ်းမျှခရီးသည် ဦးရေ ၃ဝ မှ ၇ဝ အထိ လာရောက်မှု ရှိကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment