Pages

Tuesday, February 2, 2016

တရုတ်နိုင်ငံ၌ ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါဖြင့် သေဆုံးသူဦးရေ ၂ ဒသမ ၈ သန်းရှိ



နယူးယောက် ၊ ၂-၂-၂၀၁၆

ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံ ထက်မနည်း နေထိုင်လျက် ရှိသော တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်းက ကင်ဆာရောဂါ ဖြစ်ပွားကာ သေဆုံးခဲ့သူဦးရေ ၂ ဒသမ ၈ သန်းရှိခဲ့သည်။ ၄င်းပမာဏမှာ နေ့စဉ် လူပေါင်းဦးရေ ၇၅ဝဝ ကင်ဆာရောဂါ ဖြစ်ပွားသည်နှင့် ညီမျှနေကြောင်း အမေရိကန် ပြည်ထောင်စု ကင်ဆာရောဂါ တိုက်ဖျက်ရေး အသင်း၏ စစ်တမ်းတစ်ရပ် အရ သိရသည်။

သို့သော် တရုတ်နိုင်ငံ၏ ကင်ဆာဖြစ်ပွားမှု နှုန်းမှာ ကျဆင်းမသွားဘဲ ဆက်၍ တက်လာနေရာ ယခုနှစ်တွင် တစ်ရက်လျှင် လူပေါင်းဦးရေ ၁၂ဝဝဝ နှုန်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် အတွက် တရုတ်နိုင်ငံ အဖို့ ကင်ဆာ ရောဂါမှာ ပြည်သူ့ ကျန်းမာရေးကို အဓိက ခြိမ်းခြောက် နေသော အန္တရာယ် ဖြစ်လာနေကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာန ကလည်း ကြေညာခဲ့သည်။

တရုတ်နိုင်ငံတွင် အဖြစ်များသော ကင်ဆာရောဂါ ၁၂ မျိုးထက်မနည်း ရှိပြီး ဆေးလိပ် သောက်ခြင်းကြောင့် ကင်ဆာ ဖြစ်ပွားသူ ဦးရေမှာ ၂ဝ၁၃ ခုနှစ် ကိန်းဂဏန်းများ အရ တစ်ဘီလီယံနှင့် အထက်ရှိသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကင်ဆာရောဂါ ကြောင့် သေဆုံးသူ များ၏ ၂၇ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံတွင် အဆုတ်ကင်ဆာ၊ အစာပြွန် ကင်ဆာ၊ အသည်းကင်ဆာ နှင့် အစာအိမ်ကင်ဆာ တို့မှာ အဖြစ် အများဆုံး ဖြစ်သည်။ ၄င်းကင်ဆာ လေးမျိုးမှာ တစ်နိုင်ငံလုံး ကင်ဆာ ဖြစ်ပွားမှု၏ ၅၇ ရာခိုင်နှုန်း ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် ၄င်းကင်ဆာ လေးမျိုး ဖြစ်ပွားမှုမှာ ၁၈ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံသည် ကင်ဆာရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်လျှော့ချ နိုင်ရေး အစွမ်း ကုန် ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်နေပြီး နိုင်ငံတွင်း သက်ကြီးရွယ်အို ဦးရေတိုးလာသည့် အခြေအနေ ကလည်း ရောဂါ ဖြစ်ပွားမှုကို တိုးလာစေမည် ဖြစ်သောကြောင့် နိုင်ငံတွင်း လေထု၊ မြေထု၊ ရေ ထု ညစ်ညမ်း  မှုကို အတတ်နိုင်ဆုံး လျှော့ချကာ တစ်မျိုးသားလုံး ကျန်းမာရေး တိုးတက် ကောင်း မွန် စေရေးကို အမြန် ဆောင်ရွက်ရန် လိုအပ်ကြောင်း အမေရိကန် သုတေသီ များက ထောက်ပြ ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment