Pages

Tuesday, February 23, 2016

၂၀၁၆ ဘွဲ့နှင်းသဘင်တွင် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် မှ ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာဘွဲ့ သုံးမျိုး ချီးမြှင့်ပေးနိုင်ခဲ့



ရန်ကုန် ၊ ၂၃-၂-၂၀၁၆

မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ် မှ ယခုနှစ်တွင် ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာဘွဲ့ သုံးမျိုး ထပ်မံတိုးချဲ့ သင်ကြားနိုင်ပြီ ဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် က ပြောသည်။

''မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကနေ ဒီနှစ် ထူးခြားချက် အနေနဲ့ ကတော့ ရေယာဉ် တည်ဆောက်မှု ပညာ အင်ဂျင်နီယာ မဟာဘွဲ့၊ ဆိပ်ကမ်းပညာ အင်ဂျင်နီယာ မဟာဘွဲ့၊ မြစ်ချောင်း နှင့် ကမ်းရိုးတန်း ပညာ အင်ဂျင်နီယာ ဘွဲ့ တွေကို ပေးအပ် နိုင်ခဲ့ပါတယ်။ မဟာ အင်ဂျင်နီယာဘွဲ့ ကိုလည်း ပထမဆုံး ပေးအပ် နိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့ပြင် ရေယာဉ် တည်ဆောက်မှု အင်ဂျင်နီယာဘွဲ့၊ ရေကြောင်း အင်ဂျင်နီယာဘွဲ့၊ ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲ့၊ ဆိပ်ကမ်း အင်ဂျင်နီယာဘွဲ့၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့၊ ရေကြောင်းသိပ္ပံ (ဂုဏ်ထူး)ဘွဲ့ များနှင့် သဘာဝ လုပ်ငန်း စီမံခန့်ခွဲမှု ဒီပလိုမာ၊ ဆိပ်ကမ်း စီမံခန့်ခွဲမှု ဒီပလိုမာများ ကို ပေးအပ် နိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ တက္ကသိုလ်မှ ရေယာဉ် တည်ဆောက်မှု ပညာဘွဲ့ ၈၈ ဦး၊ ရေကြောင်း အင်ဂျင်နီယာ ဘွဲ့ ၉၅ ဦး၊ ဆိပ်ကမ်း အင်ဂျင်နီယာ ဘွဲ့ ၄၂ ဦး၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့ ခုနစ်ဦး၊ ရေကြောင်း လျှပ်စစ် နှင့် အီလက်ထရွန်နစ် ပညာဘွဲ့ ၃၄ ဦး၊ ရေကြောင်းသိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ၁၁၃ ဦး၊ ရေကြောင်း သိပ္ပံဘွဲ့ ၂ဝ ဦး၊ ဘွဲ့လွန် ဒီပလိုမာဘွဲ့ ၅၅ ဦး စုစုပေါင်း ၄၅၄ ဦးနှင့် မဟာ အင်ဂျင်နီယာဘွဲ့ ငါးဦးတို့အား သက်ဆိုင်ရာ ဘွဲ့များ နှင့် ဒီပလိုမာ၊ မဟာ အင်ဂျင်နီယာဘွဲ့ တို့ကို ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကို ၂ဝဝ၂ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ကာ ၂ဝ၁၆ ခုနှစ်အထိ (၁ဝ) ကြိမ်တိုင် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပနိုင်ခဲ့ပြီး ရေကြောင်းဘက် ဆိုင်ရာဘွဲ့နှင့် ဒီပလိုမာဘွဲ့ရ ရှိသူ ၃၃၅၃ ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ကျောင်းသားများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး အတွက် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ သင်္ဘော ကုမ္ပဏီ ၃ဝ၊ ပြည်ပကုမ္ပဏီ သုံးခုနှင့် ချိတ်ဆက်ကာ အလုပ်အကိုင် ရရှိရေး ဆောင်ရွက် ပေးလျက်ရှိပြီး ပြည်တွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ MS, DWIR, MPA ဌာနတို့ တွင်လည်း ဆိပ်ကမ်းများ၌ အလုပ်အကိုင် ရရှိရေး ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment