Pages

Wednesday, February 10, 2016

ယခုနှစ် ဇန်န၀ါရီလအတွင်း မီးလောင်မှုမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အကြိမ်ရေလျော့နည်း ခဲ့သော်လည်း ဆုံးရှုံးမှုတန်ဖိုး အဆများစွာ မြင့်တက်ခဲ့



ရန်ကုန် ၊ ၁၀-၂-၂၀၁၆

ယခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးလောင်မှု ၁၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက မီးလောင်မှု ရှစ်ကြိမ် လျော့နည်းခဲ့ သော်လည်း ၂ဝ၁၅ ခုနှစ် တစ်နှစ်လုံး၏ ဆုံးရှုံးမှုတန်ဖိုး ထက် အဆများစွာ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်း မီးလောင်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျပ် သန်း သုံးသောင်း ကျော် ဆုံးရှုံးခဲ့ရပြီး မင်္ဂလာဈေး မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး အဆမတန်များပြား ခဲ့ရခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း က တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မီးလောင်မှု ၁၇ဝ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၂၃ဝဝ ကျော် ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ မီးလောင်မှု အကြိမ်အများဆုံး ဖြစ်ပြီး မီးလောင်မှု ၂၂ ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာ ရန်ကုန်မြို့၌ မင်္ဂလာ ဈေးမီးလောင်မှု တစ်ခုတည်းကပင် ကျပ်သန်း ၃၆ဝဝဝ ကျော်အထိ ရှိခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်း ခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး မြင့်မားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးလောင်မှု ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ် ၃၃၉ ဒသမ ၁၄ သန်း ဆုံးရှုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း လပွတ္တာမြို့၌ အိမ်ခြေ ၂ဝဝ ကျော် မီးလောင် ဆုံးရှုံးခဲ့ပြီး ကျပ် ၃၂၇ ဒသမ ၄၂ သန်း ဆုံးရှုံးခဲ့ကြောင်းနှင့် နမ့်ဆန်မြို့ ၌ အိမ်ခြေ ၂ဝ၉ လုံး မီးလောင်ခဲ့ပြီး ကျပ်သန်း ၉ဝဝ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment