Pages

Tuesday, February 2, 2016

ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် မြန်မာနိုင်ငံ၏ ရေနံတူးဖော်ရေးလုပ်ငန်း ကဏ္ဍတွင်လည်း ထိခိုက်နစ်နာမှုများ ရှိလာနိုင်


ကုန်းတွင်ရေနံမြေမှ ရေနံတွင်းတူးစင်ကြီးများကို တွေ့ရစဉ်

ရန်ကုန် ၊ ၂-၂-၂၀၁၆

ယခုရက်ပိုင်းများတွင် ကမ္ဘာ့ရေနံဈေးနှုန်း ဆက်တိုက် ကျဆင်းမှုကြောင့် မြန်မာနိုင်ငံ၏ ရေနံရှာဖွေ တူးဖော်ရေး လုပ်ငန်းကဏ္ဍတွင် အကျိုး သက်ရောက်မှု များနှင့် ထိခိုက် နစ်နာမှုများ ရှိလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကုန်းတွင်း၊ ကမ်းလွန်ရေနံ လုပ်ကွက်တချို့တွင် ရေနံ အထွက်နှုန်းများ ကျဆင်းလာပြီး တွင်းအသစ်များ တိုးချဲ့ရှာဖွေ တူးဖော်ရန် လိုအပ်လာကြောင်း၊ ယခုကဲ့သို့ ရေနံဈေးနှုန်းများ ဆက်လက်ကျဆင်း နေပါက ကုန်ကျစရိတ် မကာမိသည့် အတွက် ကုမ္ပဏီများ အနေဖြင့် တွင်းအသစ်များ တူးဖော်ရန် ဆန္ဒရှိမည် မဟုတ်သည့် အတွက် ရေနံအထွက် နှုန်းများကျဆင်း လာနိုင်ကြောင်း မြန် မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်တွင်း၌ ယခုနှစ်များ အတွင်း ထွက်ရှိသော ရေနံ ပမာဏသည် လွန်ခဲ့သော ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်က စံချိန်များနှင့် နှိုင်းယှဉ်လျှင် ယခုအခါ ၆ဝ ရာခိုင်နှုန်း ခန့်သာ ထွက်ရှိကြောင်း နှင့် ယခုအခါ စွမ်းအင်ဝန်ကြီး ဌာန အနေဖြင့် ပြည်တွင်းရှိ နေရာတချို့၌ ရေနံတွင်းသစ် များကို တူးဖော်ခွင့် ချပေးထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် က ကမ္ဘာ့ရေနံ ဈေးနှုန်းသည် ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝ ကျော်အထိ ရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၃ဝ ခန့်အထိ ကျဆင်းလာခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ရေနံဈေးနှုန်း များ ပြန်လည်မြင့်တက် လာနိုင်ရန် ရှိကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း ရေနံ လုပ်ကွက်ပေါင်း ၅၃ ခုရှိသည့် အနက် လုပ်ကွက်အခု ၄ဝ ခန့်သည် ရေနံ ထုတ်လုပ်နေပြီး ကမ်းလွန် ပင်လယ်ပြင်ရှိ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၅၁ ခုတွင်လည်း လုပ်ကွက် ၃၈ ခုခန့်သည် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment