Pages

Monday, January 18, 2016

အမေရိကန်တွင် ခြင်မှတစ်ဆင့် ပေါက်ပွားသည့် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိ



ဝါရှင်တန် ၊ ၁၈-၁-၂ဝ၁၆

လက်တင် အမေရိကနိုင်ငံ များတွင် စတင်ခဲ့သည့် ဦးနှောက်ပျက်စီး သည့် ရောဂါဖြစ်ေ သာ ခြင်မှတစ်ဆင့် ပေါက်ပွားသည့် ဇီကာဗိုင်းရပ်စ်ပိုး သည် ယခုအခါ အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဟာဝိုင်အီပြည်နယ် အိုအာဟူမြို့ရှိ ဆေးရုံတစ်ရုံ၌ မွေးဖွားခဲ့သော ကလေးငယ် တစ်ဦးသည် အဆိုပါ ဇီကာဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်သည့် ဦးနှောက်နှင့် အရိုးများ ပုံမှန်မဟုတ်ခြင်းကို ခံစား နေရကြောင်း ပြည်နယ် ကျန်းမာရေးဌာန က ထုတ်ပြန် ထားသည်။

အဆိုပါ ကလေး၏ မိခင်သည် ကိုယ်ဝန်နုစဉ် အရွယ် ၂ဝ၁၅ ခုနှစ် မေလက ဘရာဇီး နိုင်ငံတွင် နေထိုင်စဉ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပြီး ယင်းမှတစ်ဆင့် ဗိုင်းရပ်စ်ပိုး သည် သန္ဓေ သားလောင်းသို့ ကူးစက်ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ ယင်း ဗိုင်းရပ်စ်ပိုး ကို ကာကွယ်ကုသရန် ဆေးဝါးများ မရှိသေးကြောင်းနှင့် လက်ရှိအချိန်တွင် ကလေးငယ် နှင့်မိခင်ကိုပါ ရောဂါပိုး ကူးစက်ထား သော်လည်း ဟာဝိုင်အီ ပြည်နယ်၌ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ကျန်းမာရေးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းရောဂါပိုးသည် ခြင်မှတစ်ဆင့် ပေါက်ပွားခြင်း ဖြစ်ပြီး လူသားမှတစ်ဆင့် ကူးစက်ခြင်း မရှိကြောင်း၊ ဗိုင်းရပ်စ် ကူးစက်ခံရသူသည် ခြင်ကိုက်ခံရပြီး ၁၂ ရက်အတွင်း ဖျားနာရောဂါ များနှင့် ကိုယ်လက် ကိုက်ခဲသည့် ရောဂါလက္ခဏာ များကို ခံစားရလေ့ ရှိကြောင်းနှင့် ယင်း ရောဂါပိုးသည် မွေးကင်းစ ကလေးငယ်များ၏ ဖွံ့ဖြိုး တိုးတက်မှုကို နှောင့်ယှက် ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးသည် ဘရာဇီးနှင့် ကာရစ်ဘီယန် ဒေသအပါအဝင် လက်တင် အမေရိကနိုင်ငံ များ၌တွေ့ရှိရပြီး မကြာသေးမီ လပိုင်းအတွင်းက နိုင်ငံအတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်း မပြုရန် ဘရာဇီး အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment