Pages

Tuesday, January 26, 2016

မြန်မာနိုင်ငံတွင် လိုအပ်သည့် ဆရာ၊ ဆရာမ ၃၆၄ဝ၃ ဦးကို ပညာရေးဝန်ကြီး ဌာနမှ ဖြည့်တင်းခန့်အပ် သွားမည်


ရန်ကုန် ၊ ၂၆-၁-၂၀၁၆

ကမ္ဘာတစ်ဝန်း မူလတန်း ပညာရေး အောင်မြင်စွာ သင်ကြားနိုင်ရန် ဆရာ၊ ဆရာမများ လိုအပ်ချက်ကို အချိန်မီ မဆောင်ရွက်ပါက ပညာရေးကဏ္ဍ တွင် အားနည်းချက်များ ဖြစ်ပွား လာနိုင်ပြီး ဆရာ ဆရာမများနှင့်

သင်ကြားရေး ပညာရှင်များ၏ စွမ်းဆောင်နိုင်မှု များကို မြှင့်တင်ပေးရန် လိုအပ်သကဲ့ သို့ လေ့ကျင့်သင်ကြား ပေးမှု ကောင်းမွန်ပြီး ပရော်ဖက်ရှင်နယ် အဖြစ် အရည်အချင်း ပြည့်မီသူများ၊ စိတ်အား ထက်သန်သူများ ဖြစ်စေရန်နှင့် အရင်းအမြစ် ပြည့်စုံသည့် ထိရောက်သော စနစ်များကို အကောင်အထည် ဖော်ဆောင်ပေး နိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းတွင် ဆရာ၊ဆရာမ ၃၆၄ဝ၃ ဦး လိုအပ်လျက် ရှိပြီး အဆိုပါ လိုအပ်ချက်ကို ပညာရေးဝန်ကြီး ဌာနက ဖြည့်တင်းခန့်အပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၅ ခုနှစ်ဇွန် ၂၅ ရက်က အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကာ ပြဋ္ဌာန်းခဲ့ပြီးသည့် ဥပဒေနှင့်အညီ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် သူငယ်တန်း သင်ရိုးအသစ်ကို ပြောင်းလဲ သင်ကြားခြင်းများ စတင်ဆောင်ရွက် သွားမည်ဖြစ်ရာ အခြေခံပညာ ကဏ္ဍတွင် ဆရာ၊ ဆရာမ လိုအပ်ချက် မှာလည်း မြင့်မားလျက် ရှိနေကြောင်း သိရသည်။

သင်ကြားပေးရာတွင် အမျိုးသားများ လျှောက်ထား လာမှုသည် ယခင်ထက် သိသိသာသာ လျော့နည်း လာကြောင်း၊ ယခုကဲ့သို့ လျော့နည်းမှုသည် အနာဂတ် ပညာရေးကဏ္ဍ အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ဌာန အနေဖြင့် လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်း များ၏ ကျောင်းသားနှင့် ဆရာအချိုး မညီမျှမှုကို ဆရာ၊ ဆရာမ များအား နေ့စားလပေးများ ခန့်အပ်၍ ဖြည့်တင်း ပေးသွားမည် ဖြစ်ကြောင်း၊  ၄င်း နေ့စားလပေးများ တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် သည်နှင့် အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ပေး သွားမည် ဖြစ်ကြောင်း၊ နေ့စားလပေး များတွင် ရိုးရိုးဘွဲ့ရ သူများ၊ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ ဘွဲ့ရများ ပါရှိမှုကြောင့် ပညာရေးကဏ္ဍ အတွက် အားရစရာ ကောင်းသည့် အနေအထား တစ်ခုဖြစ်ကြောင်း၊ ယခု ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မူလတန်းပြ ဆရာ အရေအတွက် ၂၄၃၅၉ ဦး၊ အလယ်တန်းပြ အရေအတွက် ၆၆၁၃ ဦးနှင့် အထက်တန်းပြ အရေအတွက် ၅၄၃၁ ဦးစုစုပေါင်း ၃၆၄ဝ၃ ဦး လိုအပ်လျက် ရှိပြီး အဆိုပါဆရာ လိုအပ်ချက် များကို ဖြည့်တင်းခန့်အပ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment