Pages

Sunday, January 10, 2016

အင်းဝမြို့ဟောင်း ယဉ်ကျေးမှုဇုန်မှ စိတ်ဝင်စားဖွယ်ရာ ညောင်ရမ်းခေတ်လက်ရာများ



မန္တလေး ၊ ၁၀-၁-၂၀၁၆

အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် စိတ်ဝင်စားစရာ စေတီပုထိုးများစွာ ရှိသဖြင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အထူးနှစ် ခြိုက်သော ဒေသတစ်ခု ဖြစ်သည်။ ခရီးသွား ဧည့်သည်တို့သည် ဒုဋ္ဌဝတီမြစ်လယ်မှ ဧရာဝတီမြစ် ၏ အလှနှင့် စစ်ကိုင်းတံတား အလှတို့ကို အထူးနှစ်ခြိုက် လေ့လာကြသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများစု လေ့လာသော နေရာများမှာ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း နှင့် လမ်းသင့်ရာ စေတီတချို့ တို့ကိုသာ လေ့လာကြသည်။

အင်းဝတွင် စိတ်ဝင်စားစရာ ကောင်းပြီး လက်ရာမြောက် ထူးခြားသော စေတီပုထိုး များစွာရှိသည်။ ဝင်္ကပါ၊ ကြောင်လိမ်၊ မြင့်မိုရ်တောင် ဘုရားများ၏ လက်ရာများသည် ထူးခြားကာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ ထို စေတီပုထိုး များသည် ညောင်ရမ်းခေတ် ဗိသုကာလက်ရာများ ဖြစ်သည်။ ဗားကရာကျောင်း၏ အနောက်ဘက်သို့ သွားလိုက်သည် နှင့် ပတ်ဝန်းကျင် ရှုခင်းများနှင့် အတူ ခြောက်ဆူတန်း၊ ကိုးဆူတန်း၊ ကြောင်လိမ်၊ မြင့်မိုရ် တောင်၊ စူဠာမဏိစေတီ၊ ဝင်္ကပါစေတီ တို့အား ထူးခြားစွာမြင် တွေ့နိုင်သည်။

ဒုတိယ အင်းဝခေတ် (ညောင်ရမ်းခေတ်) သက္ကရာဇ် ၁ဝ၇၆-၁ဝ၉၅ ခုနှစ်တွင် အင်းဝထီး နန်းစံမြန်းခဲ့သည့် သီရိပဝရ မဟာဓမ္မရာဇာ ဓိပတိမင်းဘွဲ့ခံ တနင်္ဂနွေမင်း သည် မာရ်အောင်ဘွဲ့ ပါသည့် ဘုရားများ တည်ထားခဲ့သည့် အပြင် ဗိသုကာလက်ရာ ထူးခြားသည့် ဝင်္ကပါဘုရား ၊ မြင့်မိုရ်တောင်၊ ကြောင်လိမ်နှင့် လောက ဒုဿမာရ်အောင် ဘုရားများ တည်ထား ခဲ့ကြောင်း သိရသည်။ ဝင်္ကပါစေတီမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ လိုဏ်ဂူကြီး သဏ္ဌာန် တည်ထားပြီး အတွင်းဘက်တွင် အခန်းများစွာ၊ အဆောင်များစွာနှင့် ဝင်္ကပါဖွဲ့ကာ တည်ထားခဲ့သည်။ အတွင်းပိုင်းကို ဝင်သည်နှင့် အေးမြပြီး ဝင်ပေါက်၊ ထွက်ပေါက် မမှားအောင် သွားရသည်မှာ ပိုမို စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ဝင်္ကပါပေါက်များကို ကျော်လွန်ကာ စေတီတော် အပေါ်ပိုင်းသို့ ရောက်သည်နှင့် အနီးအနားရှိ ဘုရားစု မြင်ကွင်းများက ဘုရားဖူးများ နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များကို အထူးဆွဲဆောင် စေသည့်နေရာပင် ဖြစ်သည်။ ဆိုင်ကယ်တက္ကစီ၊ ပြိုင်ဘီးများဖြင့် အုပ်စုလိုက် လေ့လာသူတို့မှာ ဝင်္ကပါဘုရား၊ မြင့်မိုရ်တောင်နှင့် ကြောင်လိမ်တို့အထိ လေ့လာကြပြီး အင်းဝဒေသ၏ အလှဆုံးနေရာ၊ ဆန်းကြယ်သော ဗိသုကာ လက်ရာများ တည်ရှိရာနေရာ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment