Pages

▼

Thursday, January 28, 2016

ထီဆုငွေလာရောက် မထုတ်ယူသည်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ၀န်းကျင်ရှိနေ



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

လွန်ခဲ့သည့် ငါးနှစ်အတွင်း မှစ၍ အောင်ဘာလေ သိန်းဆုဌာနခွဲ၌ ထီဆုငွေ လာရောက် မထုတ်ယူသည့် ဆုအရေအတွက်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဝန်းကျင်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင် ၏ ပြောကြားချက် အရ သိရသည်။

''ထီဆု လာမထုတ်တဲ့ သူတွေက အမျိုးမျိုး ရှိပါတယ်။ ထီထိုးပြီး ထီလက်မှတ်ကို သေချာ မသိမ်းလို့ရယ် အောင်ဘာလေ ထီဖွင့်ပြီး ထီပေါက်စဉ် ထွက်လာတဲ့အခါမှာ ထီမတိုက် တာတွေရှိပါတယ်။ ထီဆုက ဥပမာ - ဇန်နဝါရီလ ကနေ ဒီဇင်ဘာလ အထိ တစ်နှစ်တိတိ စောင့်ပြီး ထုတ်ပေးပါတယ်။ အဲဒီ နောက်ပိုင်းမှသာ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းတာပါ။ ဒီဇင်ဘာလ မတိုင်မီ နိုဝင်ဘာလမှာလည်း ဒီထီလက်မှတ် နံပါတ်တွေက ထီပေါက်ထား ပါတယ်။

လာရောက် ထုတ်ယူမှု မရှိသေးပါဘူး ဆိုတာတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်း ကြေညာတာတွေ ဆောင်ရွက် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

နောင်အနာဂတ်တွင် အောင်ဘာလေ ထီစနစ်ကို အွန်လိုင်း e-Lottery စနစ်အသုံးပြု၍ ဆောင်ရွက်ရန် ရှိကာ အဆိုပါစနစ်ကြီး ပေါ်ထွန်း လာစေရန် အောင်ဘာလေ ထီဥပဒေကြမ်း ကိုရေးဆွဲ၍ လွှတ်တော်သို့ တင်ပြ ထားကြောင်း၊ ယင်းဥပဒေ ပေါ်ထွက်မှသာ အွန်လိုင်း စနစ်ကို ဖော်ဆောင်နိုင်မည် ဖြစ်၍ အွန်လိုင်း e-Lottery စနစ်ကို မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် စနစ်အား ရွေးချယ်၍ ပြည်ပ ပညာရှင်များကို ငှားရမ်းကာ တိုင်ပင်ညှိနှိုင်းပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အွန်လိုင်းထီ လုပ်ငန်းဆောင်ရွက် လိုသော လုပ်ငန်းရှင် ကုမ္ပဏီများကို တင်ဒါခေါ်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထီစနစ်သည် paper lottery ခေါ်ဆိုသော စနစ်ဖြင့် လုပ်ဆောင်နေကာ ခြောက်လတစ်ကြိမ် ပုံနှိပ်ရပြီး စစ်ဆေး စီထပ်ထုပ်ပိုး ရကာ သက်ဆိုင်ရာ ကိုယ်စားလှယ် ဌာနခွဲများသို့ ဖြန့်ခွဲပေးခြင်း စသည်ဖြင့် အဆင့်များစွာ ဆောင်ရွက် ရကြောင်း အွန်လိုင်းစနစ်တွင် ထိုလုပ်ငန်းစဉ်များ များစွာ သက်သာ လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ထီလုပ်ငန်းသည် ၁၉၃၈ ခုနှစ်တွင် စတင်ပေါ်ပေါက် ခဲ့ကာ ယခင်က သသမေဓအခွန် နှင့် လူခွန် ကောက်ခံမှု အစား အောင်ဘာလေထီ ဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment