Pages

Thursday, January 7, 2016

ထန်းပင်မှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်၍ ဈေးကွက်မြှင့်တင်နိုင်ရန် နည်းပညာ အကူအညီများပေးမည်



ရန်ကုန် ၊ ၇-၁-၂၀၁၆

ထန်းပင်မှ တန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်၍ ဈေးကွက်မြှင့်တင် နိုင်ရန် နည်းပညာများ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးဆွေသင်း က ပြောသည်။

ယခုကဲ့သို့ နည်းပညာများ ပံ့ပိုးပေးနိုင်ရန် အဆိုပါဦးစီးဌာန အနေဖြင့် ပုဂံဒေသ၌ အသိပညာပေး အစီအစဉ်ကို လုပ်ဆောင်ပြီး စိတ်ပါဝင်စား သူများကို နည်းပညာများ ပံ့ပိုးပေးမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

လက်ရှိတွင် ထန်းရည်မှ ထန်းလျက်ကို အမြင့်ဆုံး ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ကြပြီး ယင်း ထန်းရည်မှ ဝိုင်၊ ရှလကာရည် စသည်တို့ ထုတ်လုပ်နိုင်ခြင်း၊ ထန်းလျှော်နှင့် ထန်းလက်ကို ထိုင်ခုံ၊ ကုလားထိုင် အဆင့်မှ အဆင့်မြင့် လူသုံးကုန် ပရိဘောဂပစ္စည်းများ အဖြစ် ထုတ်လုပ်နိုင်သည် အထိ နည်းပညာများ ပံ့ပိုးပေးမည် ဖြစ်သည်။ ဈေးကွက်ချဲ့ထွင်မှု အနေဖြင့် ပြည်ပ နိုင်ငံများနှင့် ချိတ်ဆက်လုပ်ကိုင် လိုပါက ချိတ်ဆက်ပေးခြင်း အစီအစဉ်များ ကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ထန်းပင်သည် မြန်မာနိုင်ငံ၌ အများဆုံး ပေါက်ရောက်သော အပင်ဖြစ်သဖြင့် ထန်းပင်မှ တန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်ကာ နည်းပညာ တိုးတက်စေရေး အတွက် တစ်ဦးချင်းဝင်ငွေ မြှင့်တင်နိုင်စေရန် စီစဉ်ခြင်း ဖြစ်သည်။

ထို့ပြင် ထန်းလုပ်ငန်းကို ယခင်က လုပ်ကိုင်သူ အများအပြား ရှိသော်လည်း ဝင်ငွေနည်း၍ ပင်ပန်းခက်ခဲ မှုကြောင့် လုပ်ကိုင်သူ နည်းပါးလာခဲ့သည်။ သို့ဖြစ်ရာ မိရိုးဖလာ လုပ်ငန်းများ မပပျောက် စေရေးနှင့် ယခင် သမားရိုးကျနည်းမှ စက်ပစ္စည်းပိုင်းများ အသုံးပြု၍ နည်းပညာ မြှင့်တင်နိုင်ရန် ဝင်ငွေပိုမို တိုးတက်ရရှိ စေရေး ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment