Pages

Thursday, January 14, 2016

ပြင်ပမှ ဆန်တင်သွင်းရန် အစီအစဉ်မရှိသော်လည်း ရာသီဥတု အခြေအနေအရ အရန်ဆန် ထားရှိမည်


ရန်ကုန် ၊ ၁၄-၁-၂၀၁၆

ဆန်စပါး အဓိက စိုက်ပျိုးသော မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းစား သုံးမှု ဖူလုံပြီး အိမ်နီးချင်း နိုင်ငံများသို့ ပိုလျှံသောဆန်များကို တင်ပို့ ရောင်းချလျက် ရှိသော်လည်း ယခုအခါ ပြည်ပသို့ ဆန်တင်ပို့မှု မပြုတော့ဘဲ ရာသီဥတု အခြေအနေကို စောင့်ကြည့်၍ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို အရန်ဆန် ထားရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် ၏ ပြောကြားချက် အရ သိရသည်။

''ထိုင်းနိုင်ငံနဲ့ တခြားပြည်ပ နိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ဆန်ဝယ်ယူ တင်သွင်းမယ် ဆိုတဲ့ကိစ္စက လုံးဝ မဟုတ်ပါဘူး။ လက်ရှိအထိတော့ အစိုးရမှာ အဲဒီလိုမူဝါဒမျိုး မရှိသေး ပါဘူး။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ ပြည်တွင်း လိုအပ်ချက်ရှိ ခဲ့ရင်သာ ဒါမျိုးလုပ် ဆောင်မှာပါ။ ရေကြီးလို့ လယ်တွေ နစ်မြုပ် ဆုံးရှုံးခဲ့တုန်းက ပြည်တွင်း စားသုံးမှုအတွက် လိုအပ်တယ် ဆိုရင် ပြည်ပက တင်သွင်းမယ် ဆိုတာမျိုးတော့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ စားသုံးမှုဖူလုံတဲ့ အပြင် နောက်ပိုင်း ပြည်ပကိုပါ ပြန်လည်တင်ပို့ နိုင်ခဲ့ပါတယ်။ လက်ရှိအနေနဲ့ကတော့ ဒီနှစ်က အယ်လ်နီညို ရာသီဥတု ဖြစ်နိုင်တဲ့အတွက် ပြည်တွင်းက ထွက်သမျှ အရန်ဆန်အဖြစ် ဝယ်ယူစုဆောင်း ဖို့တော့ ရှိပါတယ်။ ပြည်ပက နေ ဆန်ပြန်တင်သွင်းမယ် ဆိုတာမျိုးတွေ မရှိပါဘူး''ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၁၃ သန်းခန့် ထွက်ရှိရာ ပြည်တွင်း စားသုံးမှုသည် တန်ချိန် ၁ဝ သန်းခန့်ရှိပြီး နှစ်စဉ်သုံးသန်း ဝန်းကျင်ပိုလျှံမှု ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။

၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်တွင် မြန်မာ့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၆၆ဝ ရရှိခဲ့ကြောင်း ၊ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ် လက်ရှိကာလ အတွင်း ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ၁ ဒသမ ၁ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလထက် ပမာဏ လျော့နည်း နေကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment