Pages

Wednesday, January 13, 2016

မြန်မာရေလုပ်သား ၁၄ ဦး အန်ဘွန်ကျွန်းမှ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁၃-၁-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာရေလုပ်သား ၁၄ ဦးသည် ယမန်နေ့ည ၇ နာရီတွင် ထိုင်းနိုင်ငံ လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိရာ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ရေလုပ်သား များသည် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှဖြစ်ပြီး ၄င်းတို့အနက် ၁၂ ဦးမှာ လုပ်ခလစာ ရရှိကြပြီး နှစ်ဦးမှာ လုပ်ခလစာ မရရှိကြောင်း သိရသည်။

''ရေလုပ်သား ၁၂ ဦးက သူတို့ အလုပ်လုပ်တဲ့ သင်္ဘောနာမည်နဲ့ ကုမ္ပဏီနာမည် တွေကို သိတဲ့အတွက် လုပ်ခလစာ ရရှိခဲ့ပါတယ်။ ကျန်တဲ့နှစ်ဦးက သင်္ဘောနာမည်နဲ့ ကုမ္ပဏီနာမည် မသိတဲ့အတွက် ညှိနှိုင်း ဆောင်ရွက် မရဘူး။ အဲဒါကြောင့် မရတာပါ'' ဟု အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ရန်ကုန်)မှ တပ်ဖွဲ့စုမှူး ရဲမှူးကြီး ရဲဝင်းအောင် က ပြောသည်။

အဆိုပါ ရေလုပ်သား များသည် အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) အကူအညီဖြင့် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြန်မာနိုင်ငံသား အဖြစ် အတည်ပြုချက် ရယူပြီး ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းမှ မြန်မာ ရေလုပ်သားများကို ၂ဝ၁၅ ခုနှစ်တွင် ၁ဝ၁ဝ ဦး ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၅ ရက်နှင့် ၁၂ ရက်တို့တွင် ၂၈ ဦးကို ပြန်လည် ခေါ်ဆောင် နိုင်ခဲ့သည်။

အဆိုပါ ရေလုပ်သားများကို မရမ်းကုန်း မြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း ဦးစီးဌာနရှိ မသန်စွမ်း သက်ငယ် သင်တန်းကျောင်းတွင် ခေတ္တနေရာ ချထားပြီး ၄င်းတို့၏ နေရပ် အသီးသီးသို့ ပြန် လည် ရောက်ရှိရန် (IOM) အဖွဲ့အစည်းမှ ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။

ဇာနည်မောင်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment