Pages

Tuesday, January 19, 2016

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့ရာတွင် မြန်မာနိုင်ငံမှ ကနေဒါနိုင်ငံနှင့် အပြိုင် ဈေးကွက်ယှဉ်ပြိုင်နေရ




ရန်ကုန် ၊ ၁၉-၁-၂ဝ၁၆

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ မတ်ပဲအဓိက တင်ပို့လျက်ရှိသော အိန္ဒိယနိုင်ငံတွင် ကနေဒါနိုင်ငံနှင့် အပြိုင် ဈေးကွက်ယှဉ်ပြိုင် နေရခြင်းကြောင့် ဈေးကွက်ဝေစု ရရှိမှုလျော့နည်း လာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့မှုတွင် ယခင်က ၅ဝ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ ရာမှ ယခုအခါ ၂ဝ ရာခိုင်နှုန်း ခန့်သာ တင်ပို့နိုင်ပြီး ကနေဒါနိုင်ငံမှ ဈေးကွက်ဝေစု ယှဉ်ပြိုင် လာသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် တခြားသော ဈေးကွက်များ သို့ပါ တင်ပို့မှု ချဲ့ထွင်ရန် လိုအပ်လာပြီ ဖြစ်သည်။

လက်ရှိတွင် ဥရောပသမဂ္ဂ နိုင်ငံများသို့ တရားဝင်တင်ပို့မှု ရရှိထား သော်လည်း အိန္ဒိယဈေးကွက်ကို မှီခိုနေရဆဲ ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဈေးကွက် ဝယ်လိုအားအပေါ် မူတည်ကာ ပဲဈေးနှုန်း အတက်အကျ ရှိနေ၍ ယခုနှစ်အတွင်း အမေရိကန် ဒေါ်လာဈေး မြင့်တက်နေခြင်း ကြောင့် ပဲဈေးကောင်းနိုင် သော် လည်း ဈေးကွက် ဝေစုသည် အကန့်အသတ် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပြည်ပသို့ မတ်ပဲတင်ပို့ ချိန်တွင် အရည်အသွေးပိုင်း ကိုပိုမို အလေးထားရန် လိုအပ်သည့် နည်းတူ အရေအတွက် ပိုမိုထုတ်လုပ် နိုင်ရန်လည်း လိုအပ်သည်။

ပြည်ပဈေးကွက်သို့ တင်ပို့မှုတွင် ဈေးကွက် ယှဉ်ပြိုင်မှုများ အတွက် အရည်အသွေး ပိုမိုကောင်းမွန်စွာ ထုတ်လုပ်ရမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အများဆုံး တင်သွင်းလျက် ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် စုစုပေါင်း ပမာဏ၏ ၇ဝ ရာခိုင်နှုန်းကို တင်သွင်းကြောင်း၊ အဓိကအားဖြင့် မတ်ပဲ နှင့် ပဲစင်းငုံကို တင်ပို့ပြီး ပဲတီစိမ်းကို အိန္ဒိယ နိုင်ငံထက် တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ကြောင်း၊ မြန်မာနိုင်ငံသည် ပဲတင်ပို့သော နိုင်ငံများ အနက် ထိပ်တန်းစာရင်းဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ကာ ပြည်ပ ပဲဈေးကွက်သို့ နှစ်စဉ် ပဲတန်ချိန် တစ်သန်းကျော် တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မတ်ပဲကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ အများဆုံး စိုက်ပျိုး ထုတ်လုပ်ပြီး တန်ချိန်အားဖြင့် ငါးသိန်းမှ ခြောက်သိန်း ဝန်းကျင်ခန့် ထုတ်လုပ်ကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သိန်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၇၇ဝ အထိရရှိခဲ့ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment