Pages

Saturday, January 9, 2016

ကမ်းပါးနီရွာ အနီးတွေ့ရှိခဲ့သော ကျောက်ခေတ်နံရံပန်းချီလက်ရာ များကို မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြနိုင်ရန် လုပ်ဆောင်သွားမည်


ကျောက်ခေတ်နံရံပန်းချီလက်ရာများ ရှိသော နေရာအား ခြံစည်းရိုးခတ်ထားသည်ကို တွေ့ရစဉ်

ရွာငံ ၊ ၉-၁-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကမ်းပါးနီရွာ အနီး တွေ့ရှိခဲ့သော ကျောက်ခေတ် နံရံပန်းချီ လက်ရာများကို ပညာရေး ဝန်ကြီးဌာန မြန်မာစာ ကော်မရှင်အဖွဲ့၊ မြန်မာ့သမိုင်း အဖွဲ့တို့နှင့် ပူးပေါင်း၍ မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြနိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖော်ပြနိုင်ရန် အဆိုပါ နေရာသို့ မြန်မာ့သမိုင်း အဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာ တိုးလှ၊ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစန်းဝင်း တို့ ပါဝင်သော အဖွဲ့မှ လေ့လာ သုတေသနပြု မှတ်တမ်းတင်ခြင်း၊ စာတမ်း ဆောင်းပါးများ ရေးသားရန် အချက်အလက် မှတ်တမ်း ရယူခဲ့ခြင်း၊ မြန်မာ့ စွယ်စုံကျမ်းတွင် ထည့်သွင်းရန် ရေးသားပေးပို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းလက်ရာ နံရံပန်းချီများသည် ကျောက်ကြမ်းခေတ် ၌ သက်ရှိ လူသားတို့ ရေးဆွဲခဲ့သည် ဟု ယူဆရပြီး ကျောက်ဆောင်များ ပေါ်တွင် ပင့်ကူပုံ၊ မြင်းပုံ၊ ဆင်ပုံ၊ လက်ဝါးပုံများ ရေးဆွဲထားခြင်း ဖြစ်ကာ လူနှင့် သဘာဝ ဒဏ်ကြောင့် အပျက်အစီးများ ရှိနေသည်။ ထို့ကြောင့် ဓာတုဗေဒ နည်းနှင့် စနစ်တကျ ပြန်သန့်စင်ပြီး ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရွာငံမြို့နယ် အတွင်း ၂ဝ၁၅ ခုနှစ် ဇွန် ၆ ရက်တွင် လွန်ခဲ့သော နှစ်သန်းပေါင်း နှစ်သောင်းက ဟု ယူဆရသည့် ကျောက်ခေတ်လက်ရာ နံရံပန်းချီများ ကို တွေ့ရှိခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းငါးရာ အသုံးပြု၍ တူးဖော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်မည် ဖြစ်ကာ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူခြင်း၊ ခြံစည်းရိုး ခတ်ခြင်းနှင့် ဓာတုဗေဒ နည်းလမ်းများကို အသုံးပြု၍ နံရံဆေးရေး ပန်းချီများ အပေါ်မှ အပျက်အစီး များကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန မန္တလေးဌာနခွဲ မှ သိရသည်။

လက်ရှိတွင် နံရံပန်းချီများ ရှိသော ကျောက်တုံးကြီး သုံးတုံးကို ဝါးခြံစည်း ရိုးကာရံ၍ အခြေခံ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ SEAMEO SPAFA မှ ကျောက်နံရံ ပန်းချီဆိုင်ရာ ကျွမ်းကျင် ပညာရှင် Senior Specialist in Archaeology Dr. Noel Hidalgo Tan အဆိုပြုလျာ ထားပေးခဲ့သော နေရာခြောက်ခုကို စမ်းသပ်တူးဖော် သုတေသနပြု လေ့လာခြင်း၊ ကျောက်ခေတ်နံရံ ပန်းချီများရှိရာ ပတ်ဝန်းကျင်ကို ကျောက်ခေတ် 

ယဉ်ကျေးမှု အထောက်အထားများ ကွင်းဆင်းရှာဖွေ သုတေသနပြု လေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment