Pages

Tuesday, January 26, 2016

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်မြို့များ ထဲတွင် ရန်ကုန်မြို့ စာရင်းဝင်လာနိုင်ဖွယ်ရှိ



ရန်ကုန် ၊ ၂၆-၁-၂၀၁၆

ရန်ကုန်မြို့ အနေဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင် မြို့များထဲတွင် စာရင်းဝင် လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၌ နှစ်ပေါင်း ၂၆ဝဝ ကျော် ကတည်းက တည်ထားကိုးကွယ် ခဲ့သော ရှေးဟောင်း သမိုင်းဝင် ရွှေတိဂုံစေတီ တော်မြတ်ကြီးအပြင် ကိုလိုနီခေတ်က ဆောက်ခဲ့သည့် အဆောက်အအုံ များစွာ တည်ရှိသောကြောင့် ကမ္ဘာ့ အမွေအနှစ် သမိုင်းဝင်မြို့ များထဲတွင် စာရင်းဝင်ရန် အလားအလာ ရှိကြောင်း UNESCO Myanmar ရှိ ယဉ်ကျေးမှု ဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ ရှေးဟောင်း သမိုင်းဝင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ကိုလိုနီခေတ် အဆောက်အအုံများ တည်ရှိနေသည့် အပြင် တိုင်းရင်းသား ပေါင်းစုံနှင့် လူမျိုးပေါင်းစုံ တို့လည်း နေထိုင်လျက် ရှိသော မြို့ကြီးတစ်ခု ဖြစ်သောကြောင့် ထိုအချက်များ အပေါ် အခြေခံကာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်မြို့များ ထဲတွင် စာရင်းဝင်ရန် လျှောက်ထားပါက ရှေးဦးစွာ ပဏာမ စာရင်းဝင်နိုင်ဖွယ် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပဏာမ စာရင်းတွင် စတင်အသိအမှတ် ပြုခံရစေရန် UNESCO Myanmar အနေဖြင့်လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရန်ကုန်မြို့ရှိ ရှေးဟောင်း လက်ရာများ ပျက်စီး ပျောက်ကွယ်သွားခြင်း မရှိစေရန် ထိန်းသိမ်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာ NGO အဖွဲ့များနှင့် ပူးပေါင်းကာ ပြည်တွင်းရှိ ပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရန် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည်။ လက်ရှိတွင် ပုဂံမြို့ဟောင်းနှင့် မြောက်ဦးမြို့ တို့ကိုလည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော် မြတ်ကြီးကိုလည်း ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်း လျှောက်ထားရန် အစီအစဉ် ရှိကြောင်း သိရသည်။

မိုးယံထက်

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment