Pages

Friday, January 15, 2016

ရွှေ့ပြောင်းဒုက္ခသည် ၁ ဒသမ ၁ သန်းကို လက်ခံခဲ့သည့် ဂျာမနီ၏ နောက်ဆက်တွဲ ပြဿနာများ



( ရှိန်းထက် )

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူး အခိုက်အတန့်သည် အနောက်နိုင်ငံ အားလုံးအတွက် ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပပြီး ကြိုဆိုကြသည့် အခါသမယ ဖြစ်သည်။ သို့သော်လည်း နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးကို အပျော်နှင့်ဖြတ်သန်း ခဲ့သော ဂျာမနီသည် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် နှစ်သစ်သို့ ကူးပြောင်း ချိန်တွင် အပျော်နှင့် မဆုံစည်းနိုင်ဘဲ ဝန်ကြီးချုပ် မာကယ် အဖို့ ဒုက္ခပင်လယ်ဝေ ခဲ့ရသည်။

အဓိက တရားခံများမှာ ဂျာမနီမှ လက်ခံထားခဲ့သော ရွှေ့ပြောင်း ဒုက္ခသည်များ ဖြစ်သည်။ ဂျာမနီသည် ဥရောပသို့ ရွှေ့ပြောင်းဝင်ရောက် လာသူ ဒုက္ခသည် ၁ ဒသမ ၁ သန်းကို အများဆုံး လက်ခံထားသည့် နိုင်ငံဖြစ်သည်။ ကိုလုံးမြို့သို့ ခွဲတမ်းအရ ရောက်ရှိလာသော ရွှေ့ပြောင်း ဒုက္ခသည် များသည် ဂျာမနီ၏နှစ်သစ်ကူး မင်္ဂလာအချိန်ကို ဖျက်ဆီး ခဲ့ကြသည်။ သူတို့ဘဝကို သူတို့ ကိုယ်တိုင် ဖျက်ဆီးလိုက်သည် ဆိုလျှင်လည်း ဆိုထိုက် ပါပေသည်။

နှစ်သစ်ကူးတွင် ကိုလုံးမြို့ခံ ဂျာမနီသူများကို ပြောင်းရွှေ့ လာသူများက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကျူးလွန်ခဲ့ ကြသည်။ အဓမ္မပြုကျင့်မှုများ အပါအဝင် အမျိုးသမီး များအား လိင်ပိုင်းဆိုင်ရာ ရှက်ရွံ့မှုများ ရရှိသည်အထိ ထိုသူများက ပြုမူခဲ့ကြသည်။ ထိုည တစ်ညတည်း ၌ပင် နှစ်သစ်ကူး အကြမ်းဖက် ပြစ်မှုပေါင်း ၅၁၆ ခုအထိ ကိုလုံးမြို့၌ ဖြစ်ပွားခဲ့သည်။ ကျူးလွန်သူ အားလုံးမှာလည်း ဂျာမနီတို့က ကရုဏာနှင့် လက်ခံထား ခဲ့သော ဒုက္ခသည်များပင် ဖြစ်သည်။

ထို့ကြောင့် ဂျာမနီတွင် ယခုအချိန်ထိ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဆန္ဒပြလျက် ရှိကြသည်။ ရွှေ့ပြောင်း ဒုက္ခသည်များကို ဒေါသထွက် နေကြသော ဂျာမန်ပြည်သူ များသည် ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များကို လက်မခံကြ တော့ဘဲ နယ်စပ်မှ ပြန်လည် နှင်ထုတ် ရန် ပြုလုပ် နေကြသည်။ ၀န်ကြီးချုပ် မာကယ် ကိုယ်တိုင်လည်း သူ၏ဒုက္ခသည်များ အတွက် တံခါးဖွင့်ဝါဒ ကို ပြန်ပိတ်ပစ် လိုက်ရသည်။

ထို့ပြင် ဂျာမနီဥပဒေ ကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ရသည်။ ထို အပြောင်းအလဲတွင် နိုင်ငံခြားသား တစ်ဦးသည် ဂျာမနီတွင် သုံးနှစ်နှင့် အထက်ပိုသော ထောင်ဒဏ်ကို ကျခံရလျှင် နိုင်ငံတွင်းမှ နှင်ထုတ် ခွင့်ရှိသော ဥပဒေဖြစ်သည်။ ယခု ဂျာမနီနယ်စပ်တွင် ပြည်ဝင်ခွင့် စောင့်ဆိုင်းနေသော ဒုက္ခသည် အရေအတွက် ထောင်နှင့်ချီ၍ ရှိနေသည်။ သို့သော်လည်း ထိုသူများကို မာကယ် ကိုယ်တိုင် ပြည်ဝင်ခွင့် ပေးတော့မည် မဟုတ်ဘဲ အကယ်၍ မာကယ် က လက်ခံလိုက်လျှင် ပြည်သူများက မာကယ် ကို ဆန့်ကျင်ဆန္ဒပြ ကြတော့မည်မှာ ကျိန်းသေ နေလေသည်။

တစ်ဖန် ဆွီဒင်နှင့် ဒိန်းမတ် တို့ကလည်း သူတို့၏ နယ်စပ်များတွင် ဒုက္ခသည် ပြည်ဝင်ခွင့် များကို တင်းကျပ် လိုက်သည်။ ထို့ကြောင့် ဟန်ဂေရီနှင့် ဆလိုဗက်ကီးယား တို့က နယ်စပ်ကို ပိတ်ပြီး ဆွီဒင်နှင့် ဒိန်းမတ်တို့ ကလည်း နယ်စပ်စည်း များကို တင်းကျပ်ကာ ဂျာမနီကလည်း လက်မခံဘဲ ဥရောပ လမ်းများတွင် သောင်တင်ရမည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် သည် မကြာမီမှာပင် သောင်းနှင့် သိန်းနှင့် ချီတော့မည် ဖြစ်သည်။

ဂျာမနီမှ ကိုလုံးမြို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သတင်းများကို ကြားပြီး ကတည်းက ဥရောပနိုင်ငံ အတော်များများ သည် ရွှေ့ပြောင်း ဒုက္ခသည် များကို ရွံရှာစရာ သတ္တဝါများကဲ့သို့ မြင်လာခဲ့ ကြသည်။ ထို့ကြောင့် ယခင် ကတည်းကမှ လက်မခံ ချင်သည့် ဥရောပနိုင်ငံများ အဖို့ ပိုဆိုးကုန် ကြတော့သည်။ ကိုလုံးမြို့ရှိ စိတ်ဓာတ် အောက်တန်းကျသည့် ပြောင်းရွှေ့သူ လူတစ်စုကြောင့် နောက်ထပ် ရောက်လာသည့် လူပေါင်း များစွာလည်း ဒုက္ခပင်လယ်ဝေ ကြရတော့မည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်အတွင်း ဥရောပသို့ ရောက်ရှိလာခဲ့သူ အရေအတွက် သည် ၁၈၈၇၂ ဦးအထိ ရှိသွားခဲ့ပြီ ဖြစ်သည်။ ဆီးရီးယားစစ်ပွဲများ ကလည်း ထင်ထားသည်ထက် ပိုမိုဆိုးရွား လာနေချိန်၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ကလည်း စစ်ဘေးရော အငတ်ဘေးပါ ကျရောက်နေချိန် တွင် ဥရောပသည် ထိုသူများ အားလုံးအတွက် ဘူမိနက်သန် ကြီးသဖွယ် ဖြစ်နေသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာအရ ဆီးရီးယားတွင် စစ်ဘေးကြောင့် ရှောင်ပြေးခဲ့ရသူ အရေအတွက်သည် လေးသန်းကျော် ရှိသွားပြီ ဖြစ်သည်။ ဥရောပသို့ ရောက်ရှိလာသူ များတွင်လည်း ထက်ဝက်ခန့်သည် ဆီးရီးယားမှ ဖြစ်သည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်သည် ဥရောပသို့ ရွှေ့ပြောင်း ဒုက္ခသည် နှစ်သန်းခန့် ထပ်ရောက် လာဦးမည့် နှစ်တစ်နှစ် ဟုလည်း ကုလသမဂ္ဂ က ကြိုတင်ခန့်မှန်း ထားပြန်သည်။ ရွှေ့ပြောင်း ဒုက္ခသည် များ၏အရေးမှာ ဥရောပအတွက် အိပ်မက်ဆိုးကြီး တစ်ခုလိုပင် ဖြစ်နေသည်။ ဥရောပနိုင်ငံ များအတွက် အိပ်မက်ဆိုးကြီး ဖြစ်နေတုန်း အချိန်တွင် ဂျာမနီ ကတော့ ထိုအိပ်မက်ဆိုးကြီး ထဲသို့ လုံးလုံးကြီး ကျရောက်နေခဲ့ပြီး ဖြစ်သည်။

ဝန်ကြီးချုပ် မာကယ် သည် ဒုက္ခသည်များကို ကြိုဆိုသည့် အခမ်းအနား များကို နိုင်ငံခြားမှ ပြန်လာသော မိသားစုဝင် တစ်ဦးကို ပွေ့ဖက်ကြိုဆို သည့်နှယ် ဒုက္ခသည်များကို နွေးထွေးမှု အပြည့်နှင့် ကြိုဆိုခဲ့သည်။ သို့သော်လည်း မာကယ် ၏ ကရုဏာထားမှုကို လူတစ်စုက အသုံးချသွား ခဲ့သည်။ နောက်ပိုင်း ဂျာမနီတွင် ဒုက္ခသည်များနှင့် ပြည်သူများ ထိပ်တိုက်တွေ့မည့် ပဋိပက္ခများပင် ဖြစ်လာနိုင်သည်။ ထို့ကြောင့် လက်ခံမိသည့် မာကယ်ကိုယ်တိုင် ခေါင်းခဲနေရသည့် အခြေအနေ ဖြစ်သည်။

တခြားဥရောပ နိုင်ငံများကလည်း မာကယ် ကို အပြစ်တင်ကြသည်။ အကယ်၍ မာကယ် သာ လက်မခံခဲ့လျှင် သူတို့ ကိုယ်တိုင်လည်း လက်ခံစရာ အကြောင်းမရှိပေ။ သို့သော်လည်း မာကယ် က လူသားချင်း စာနာ ထောက်ထား မှုကို အလေးထားသည် ဟု ဆိုကာ သန်းနှင့်ချီ ကြိုတင်လက်ခံ ခဲ့သည့်အတွက် တခြားဥရောပ အဖွဲ့ဝင်နိုင်ငံများ ကလည်း ကမ္ဘာ့အလယ်တွင် သူတို့နိုင်ငံပုံရိပ် အမည်းစက်စွဲထင် မကျန်ရလေအောင် မဖြစ်မနေ လက်ခံခဲ့ ရသည်။

ယခုကဲ့သို့ မသတီစရာ အကြမ်းဖက်မှု များနှင့် ကြုံလာရသော အခါ တရားခံ အစစ်သည် မာကယ် ဖြစ်သွားတော့သည်။ ထို့ကြောင့် ဥရောပ ခေါင်းဆောင်များ အတွက် မာကယ် သည် လက်ညှိုးထိုးစရာ ဖြစ်လာတော့သည်။ ဥရောပ၏ ဒုက္ခသည်အရေး သည် ကုလသမဂ္ဂကလည်း မကယ်နိုင် အီးယူကလည်း မကူညီနိုင်သည့် ဖြေရှင်းရခက်သော အရေးဖြစ်သည်။ အချိန်ကြာလာလေ ပိုပိုဆိုးလာလေ ဖြစ်နေသည်။

ယခုအချိန်ထိ ဝင်ရောက်လာသော ဒုက္ခသည် အရေအတွက် ကလည်း လျော့မသွားသေး။ ဥရောပကလည်း လက်မခံနိုင်။ သိန်းချီသော ဒုက္ခသည်များမှာ ဥရောပ လမ်းမများပေါ်တွင် အနောက်ကမ္ဘာ ခြမ်း၏ ဆောင်း
ရာသီဒဏ်ကို ပြင်းထန်စွာ ခံစားကြရဦးမည် ဖြစ်သည်။ ကိုလုံးမြို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ သာမရှိခဲ့ပါက ဂျာမနီသည် နောက်ထပ် ရွှေ့ပြောင်း ဒုက္ခသည်များကို ထပ်ပြီးလက်ခံ ဦးမည်ဖြစ်သည်။ သို့သော်လည်း ယခုတော့ မာကယ် က သူ၏ဒုက္ခသည်များ အတွက် တံခါးဖွင့်ဝါဒကို လုံးဝပယ်ဖျက်လိုက်ပြီ ဖြစ်သောကြောင့် နောက်ထပ် ဂျာမနီတွင် ဒုက္ခသည်များ ဆက်ခေါ်ယူဖို့ မျှော်လင့်ချက်သည် မရှိသလောက် ဖြစ်သွားပြီ ဖြစ်သည်။

မာကယ် အတွက်လည်း သင်ခန်းစာ ရသွားခဲ့ပြီဖြစ်သည်။ သူကိုယ်တိုင်လည်း ထို လူတစ်သန်းကျော်ကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ အချိန်ယူရဦးမည် ဖြစ်သည်။ ယခုအချိန်ထိ ပြည်သူများ၏ ဆန္ဒပြမှုများ ကလည်း ရပ်တန့်မသွား သေးသောကြောင့် ဒုက္ခသည်များ နောက်ထပ် ဂျာမနီကို ဝင်ရောက်ခွင့် ရဖို့သည် အိပ်မက်တစ်ခု အဖြစ်သာ ရှိတော့သည်။ ဒုက္ခသည် ၁ ဒသမ ၁ သန်းကို လက်ခံခြင်းကြောင့် နိုင်ငံတကာ အလယ်တွင် ဂျာမနီ မျက်နှာပန်းလှ ခဲ့သော်လည်း ယခုတော့ သူကိုယ်တိုင် မမျှော်လင့် ထားသော မသတီစရာ နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းေ နရပါတော့သည်။

အကယ်၍ လိင် အကြမ်းဖက်မှု များသာ ရပ်တန့်မသွားခဲ့ဘဲ ဆက်ဖြစ်ပေါ် လာခဲ့မည် ဆိုပါက ဂျာမနီတွင် ဒုက္ခသည်များနှင့် ပြည်သူများကြား ထိပ်တိုက် တွေ့ဆုံမှုများ ကျိန်းသေ ဖြစ်ပေါ်လာနိုင်ပြီး ၀န်ကြီးချုပ် မာကယ် အတွက်လည်း ထိန်းသိမ်းရ ခက်သည့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာနိုင် ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment