Pages

Tuesday, January 12, 2016

အမြတ်ဆုံးသော လာဘ်


အမြတ်ဆုံးသော လာဘ်

( ကြည်မြင့်လွင် - မုဒြာ )

''အာရောဂျံ ပရမံ လာဘံ'' ရောဂါကင်း ခြင်းသည် အမြတ်ဆုံးသော လာဘ် ဖြစ်သည်။
(ဘုရားဟော)

ယနေ့ ချမ်းသာ နေသမျှသည် ကျန်းမာ နေစဉ်သာ အကျိုးရှိသည်။ စားနိုင်၊ သောက်နိုင်၊ သွားနိုင်၊ လာနိုင်သည်။ သို့သော် ကျန်းမာရေး ချို့ယွင်း လာသည်နှင့် စားချင်ရာ မစားရ၊ သွားချင်ရာ မသွားရ ဖြစ်ရပေသည်။ ကောင်းနေစဉ်က သတိမပြုမိ မကောင်းသော အခါမှ ပြန်လည် သတိရ တောင့်တရသည့် အရာမှာ ကျန်းမာရေး ပင် ဖြစ်သည်။

ငယ်စဉ်က ဆေးလိပ်သောက် ခဲ့သူ တစ်ဦးသည် အသက် ၆ဝ ကျော် အရွယ်တွင် အဆုတ်ကင်ဆာ လက္ခဏာ တွေ့လာသဖြင့် ဆရာဝန် က ဆေးလိပ် ဖြတ်ခိုင်းသည်။ ချက်ချင်းပင် ဆေးလိပ်ကို ဖြတ်လိုက်သည်။ ငယ်စဉ် ကတည်းက နှစ်ပေါင်း ၄ဝ ကျော် သောက်ခဲ့သော ဆေးလိပ်ကို ဖြတ်နိုင်သည်မှာ စိတ်ပင် ဖြစ်သည်။ ထိုစိတ်သည် ကြောက်စိတ်လည်း ပါသည်။ ကျန်းမာရေး အတွက်ဟူသော အသိတရားလည်း ပါသည်။ ကျန်းမာရေး အတွက် အရာရာ သည် နောက်မကျသေး ဟူသော အသိလည်း ပါသည်။

အရက်သောက်သူ များသည်လည်း ထိုနည်း အတိုင်းပင် ဖြစ်သည်။ ကျန်းမာရေး အတွက်ဟု ဆိုကာ ငွေကုန်ကြေးကျ ခံပြီး ဂေါက်သီးရိုက် သူများကို လေ့လာကြည့် သောအခါ အားလပ်ရက်တွင် တစ်နေကုန် သို့မဟုတ် နေ့တစ်ဝက်မျှ ဂေါက်သီးရိုက် ကစားကြသည်။ ဂေါက်သီး ကစားလျှင် လေကောင်းလေသန့် ရသော ကွင်းပြင်ကျယ် နှင့် မြက်ခင်းပြင်တွင် လမ်းလျှောက် ရသဖြင့် ကျန်းမာရေး အတွက် အထူးပင် အကျိုးရှိသည်။ သို့သော် ဂေါက်သီးရိုက်ပြီး အိမ်မပြန်မီ အချို့သော ပုဂ္ဂိုလ်များ အရက်သောက် ကြသည်။ ဘီယာသောက် ကြသည်။ နှစ်ကြာ လာသောအခါ ဂေါက်သီးပင် မကစားနိုင် တော့သော အခြေအနေသို့ ရောက်ရသူ များစွာ တွေ့ရသည်။ အရက်ကြောင့် အသည်း အဆီဖုံးရာမှ ဗိုက်က သိသိသာသာ စူထွက်လာပြီး နာတာရှည် အသည်းရောဂါ၊ နှလုံးရောဂါ ဝင်လာတော့သည်။

စာရေးသူ ကိုယ်တိုင် ဂေါက်သီးနည်းပြ ဆရာတစ်ဦး နှင့် ဂေါက်သီးရိုက် သင်ဖူးသည်။ ထိုဆရာသည် အလွန် ကျွမ်းကျင်ပြီး သင်ပြမှု ကောင်းသော ဆရာဖြစ်သည်။ ဂေါက်ကွင်းတွင် သူ၏ တပည့်များစွာ ရှိသည်။ အရာရှိကြီး များစွာက နည်းစနစ် မမှန်လျှင် သူ့ကို မေးရသည်။ သို့သော် ညနေတိုင်း ပုံမှန်သောက်လေ့ ရှိသော ဆရာသည် အစာအိမ် နှင့် အသည်းကင်ဆာ ရောဂါဖြင့် ဆုံးပါး သွားကြောင်း သိရသဖြင့် များစွာ စိတ်မကောင်း ဖြစ်ပြီး ဆရာ့ပညာ များကို နှမြောမိသည်။

လူတို့၏ အသက်ရှည်ရာ ရှည်ကြောင်းမှာ ရှေးဘဝက ပြုခဲ့သော ကံ၊ ယခုဘဝ ပြုသော အလုပ်နှင့် သက်ဆိုင်သည်။ သို့သော် တန်ဖိုးမဖြတ် နိုင်သည့် ကျန်းမာရေး ဆုံးရှုံးမှုမှာ ကံကြောင့်ချည်း မဟုတ်ဘဲ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းသုံးမျိုး ကျန်နေသေး ကြောင်း တွေ့ရသည်။

အာဟာရသည် ယနေ့လူတို့ အသက်တို စေသော အကြောင်းရင်း ဖြစ်နေသည်။ မသင့်သော အစားအစာ များကို အလွယ်တကူ စားသောက်နိုင်သော ရယ်ဒီမိတ် အစာအဖြစ် နေရာတိုင်းတွင် ရောင်းချနေသည်။ သဘာဝရေကို ကျိုချက်သောက်သူ မရှိတော့။ ရေသန့်ဘူးကိုသာ အလွယ်တကူ ဝယ်သောက် ကြသည်။ ရေသန့်ဖြစ်ဖို့ ဓာတုဆေးများစွာ ဖြတ်သန်း ခဲ့သည်ကို သတိမပြုကြ။ သဘာဝ ကော်ဖီမှုန့်ကို ဖျော်သောက်သူ မရှိကြ။ အလွယ်တကူ ကော်ဖီမစ်ထုပ် လေးများကို ဖျော်သောက် ကြသည်။ ထိုအထုပ် များသည် ဓာတုဆိုးဆေး၊ အနံ့မကင်းပေ။

ကျန်းမာပြီး အသက်ရှည်လိုလျှင် သဘာဝ အာဟာရ သီးနှံများကို စားသုံးခြင်း၊ မသင့်လျော်သော အစာများ ရှောင်ကြဉ်ခြင်း ကို သတိပြုကြ စေလိုသည်။

No comments:

Post a Comment