Pages

Tuesday, January 12, 2016

2nd South East Asia Cup Squash Championship 2016 ပြိုင်ပွဲကျင်းပ



နေပြည်တော် ၊ ၁၂-၁-၂၀၁၆

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပသည့် 2nd South East Asia Cup Squash Championship 2016 ပြိုင်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ Squash အားကစားရုံ၌ စတင် ကျင်းပသည်။

မြန်မာနိုင်ငံ Squash အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းထိုက် က (၃)ကြိမ်မြောက် ပြိုင်ပွဲကို မလေးရှားနိုင်ငံ၌ ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် Squash အားကစားနည်းကို (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ရန် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်း ခဲ့ကြောင်း၊ ယခုဆိုလျှင် အားကစားနှင့် ကာယပညာ သိပ္ပံ (ရန်ကုန်၊ မန္တလေး)တွင် စတင်သင်ကြား ပေးလျက်ရှိကြောင်း၊ အဆိုပါ အားကစား နည်းကို တဖြည်းဖြည်း လူသိများပြီး ယခုခေတ် လူငယ်များ စိတ်ဝင်စားမှု ရရှိလာစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဆင့်ပွား သင်တန်းများ သင်ကြားပေးရန် အတွက် ဇန်နဝါရီ ၁ ရက်မှ ၉ ရက်အထိ နည်းပြနှင့် ဒိုင်သင်တန်းများ သင်ကြားပေး ခဲ့ကြောင်း ပြောသည်။

အားကစားပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အသင်း အနေဖြင့် အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ယင်း အားကစားနည်းကို သြစတြေးလျ နိုင်ငံသား နည်းပြမှ သင်ကြားပေးလျက် ရှိသည်။

အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာ အသင်း၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်အသင်း တို့ဖြင့် ဇန်နဝါရီ ၁၇ ရက်အထိ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင် ၊ အောင်ကျော်ဦး

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment