Pages

Friday, December 4, 2015

ကြိမ်ဝါးအသင်းနှင့် သစ်အခြေခံ ပရိဘောဂ အသင်းတို့ပူးပေါင်း၍ မြန်မာ့ထုတ်ကုန် ပရိဘောဂပြပွဲကြီး ကျင်းပမည်



ရန်ကုန် ၊ ၄-၁၂-၂ဝ၁၅

မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ တတိယ အကြိမ်မြောက် မြန်မာ့ထုတ်ကုန် ပရိဘောဂ ပြပွဲကြီးကို ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူ က ပြောသည်။

အဆိုပါပြပွဲကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ပြီး ပြပွဲအတွင်း ပရိဘောဂပစ္စည်း အရောင်းဆိုင်ခန်းပေါင်း ၁၆ဝ ကျော်ဖြင့် ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲအတွင်းသို့ ပြည်တွင်းထွက်ကုန် ပရိဘောဂ ကုမ္ပဏီများစွာမှ အိမ် အသုံးအဆောင် ပစ္စည်းမျိုးစုံ ပါဝင်ပြသ ကြမည့်အပြင် နိုင်ငံခြားသို့ တိုက်ရိုက်တင်ပို့ လျက်ရှိသော ပြည်တွင်းစက်ရုံများမှ လာရောက် ပြသမည်ဖြစ်ပြီး ထုတ်လုပ်သူများ၏ ဒီဇိုင်းသစ်များ ကိုလည်း တိုက်ရိုက်ထိတွေ့ နိုင်မည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ပရိဘောဂပစ္စည်း ဝယ်ယူလိုသူများ အနေဖြင့် ဒီဇိုင်းအစုံအား တစ်နေရာတည်းတွင် ကြည့်ရှုနိုင်ရန် ယခုကဲ့သို့ ပြပွဲများအား ကျင်းပရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တချို့သော ကုမ္ပဏီကြီး များသည် ပရိဘောဂ ပစ္စည်းများအား အထူးလျှော့ဈေး များဖြင့် ရောင်းချခြင်းနှင့် မှန်တင်ခုံ၊ ခုတင် စသည်ဖြင့် ခန်းဝင်ပစ္စည်း များအား အတွဲလိုက် လျှော့ဈေးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြပွဲများမှ ရရှိလာမည့် အကျိုးအမြတ် များအား အသင်းများ၏ လုပ်ငန်းစဉ်များ၌ ပြန်လည် အသုံးပြုကြ သဖြင့် မြန်မာ့ ပရိဘောဂ ပစ္စည်း ဈေးကွက် မြှင့်တင်ရန် အထောက်အကူ များစွာ ဖြစ်စေကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment