Pages

Saturday, December 5, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၇)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၇) သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် စစ်တီးဝိုင်းအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်စဉ်

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲတွင် မြ၀တီအငြိမ့်အဖွဲ့က ဖျော်ဖြေတင်ဆက်စဉ်

နေပြည်တော် ၊ ၅-၁၂-၂၀၁၅

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၇) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၊ အနော်ရထာ တပ်ရင်း ဗိုလ်လောင်း တန်းစီကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများ နှင့်အတူ ညစာသုံးဆောင် ကြသည်။

ညစာ သုံးဆောင်နေစဉ် မြ၀တီတေးဂီတ အဖွဲ့နှင့် စစ်တက္ကသိုလ် စစ်တီးဝိုင်း တို့က တေးသီချင်းများဖြင့် သီဆိုတီးခတ် ဖျော်ဖြေကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။

သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် သဘင်ဆောင်၌ မြ၀တီတေး ဂီတအဖွဲ့နှင့် မြ၀တီအငြိမ့် အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ ကြသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment