Pages

Tuesday, December 8, 2015

ရန်ကုန် ၊ မန္တလေး ၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို အဆင့်မြှင့်တင်မှု လုပ်ငန်းများ ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ၂၃ သန်းခန့်ထိ တိုးတက်လာနိုင်



မန္တလေး ၊ ၈-၁၂-၂၀၁၅

လေကြောင်း ပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်(ICAO) ၏ သတ်မှတ်ချက် များနှင့်အညီ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်တို့ကို အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက တစ်နှစ်လျှင် ခရီး သည် ၂၃ သန်းခန့်ထိ တိုးတက် လာနိုင်မည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

"မြန်မာနိုင်ငံရဲ့ နှစ်စဉ် တိုးမြှင့်လာတဲ့ ပို့ဆောင်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် လက်ရှိ အသုံးပြုနေတဲ့ အပြည်ပြည် ဆိုင်ရာ လေဆိပ်တွေကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အဆင့်မြှင့်တင် မှုတွေ ဆောင်ရွက် နေပါတယ် ၊ အဆင့်မြှင့်တင်ဖို့ စီမံကိန်းတွေကို Public Private Partnership (PPP) ပုံစံနဲ့ ဖော်ဆောင် နေပါတယ်။ ဒီစီမံကိန်းတွေ ပြီးစီးခဲ့မယ် ဆိုရင် လေကြောင်း ကုန်သွယ်မှု ကဏ္ဍဟာ လက်ရှိ အချိန်ထက် မြင့်တက် လာနိုင်ပါတယ်''ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆင့် မြှင့်တင်မှုများ ပြုလုပ်နေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Pioneer Aerodrome Services Consortium ကုမ္ပဏီ နှင့် Concession Agreement ကို ယခုနှစ် ဇန်နဝါရီ ၆ ရက်က လက်မှတ်ရေးထိုး ခဲ့ပြီး နှစ်နှစ်စီမံကိန်း အဖြစ် အဆင့်မြှင့်တင်ခြင်း ဖြစ်ကာ စီမံကိန်း ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း အထိ တိုးတက် လာနိုင်မည်ဟု သိရသည်။

အလားတူ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Mitsubishi JALUX SPA Consortium ကုမ္ပဏီနှင့် Concession Agreement ကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က လက်မှတ်ရေးထိုး အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိပြီး စီမံကိန်း ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ငါးသန်း၊ ကုန်စည်တန် ၈ဝဝဝ ခန့်အထိ တိုးတက်လာမည် ဖြစ်သကဲ့သို့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်းကို JEC-Yangon CAI Consortium ကုမ္ပဏီနှင့် Concession Agreement ရေးထိုးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိပြီး စီမံကိန်းကို အဆင့် နှစ်ဆင့်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း ပထမအဆင့် ပြီးစီးလျှင် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းနှင့် ဒုတိယအဆင့် ပြီးစီးပါက ခရီးသည် သန်း ၃ဝ အထိ တိုးတက် လာမည် ဖြစ်သကဲ့သို့ အဆိုပါ လေဆိပ်များ အားလုံးပြီးစီး ပါက တစ်နှစ်လျှင် ခရီးသည် ၂၃ သန်းခန့်အထိ တိုးတက် လာနိုင်မည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment