Pages

Monday, December 28, 2015

ပါကစ္စတန်ကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေသည့် တရုတ်




ပါကစ္စတန်ကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေသည့် တရုတ်

( ရှိန်းထက် )

၂ဝ၁၅ ခုနှစ် ဧပြီလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ သူပြန်လာသော အခါ ပါကစ္စတန်မှ အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံတန်ကြေး ရှိသည့် စီမံကိန်းများ သူနှင့်အတူ ပါလာခဲ့သည်။

၁၉၆၂ ခုနှစ်တွင် တရုတ်နှင့် အိန္ဒိယစစ်ပွဲ ဖြစ်ပွားစဉ်က အမေရိကန်တို့သည် အိန္ဒိယကို မည်သည့်လက်နက် သဘောတူညီချက်မှ မရှိဘဲ လက်နက်ဝယ် သလောက်၊ တောင်းသလောက် ငြိုငြင်မှုမရှိဘဲ ရောင်းချ ပေးကမ်းခဲ့သည်။ ထို့ကြောင့် သူ့ရန်သူတော်ကြီး အိန္ဒိယဘက်သို့ ပါသွားသော အမေရိကန်ကို ပါကစ္စတန် က အားမကိုးတော့ဘဲ သူ့နည်းသူ့ဟန်ဖြင့် အားကိုးရှာ ခဲ့သည်။ ထိုအခါ တရုတ်ကို သူ၏ အားကိုးနိုင်သူ အဖြစ် ယူဆခဲ့သည်။ ထိုအချိန် ကတည်းက ပါကစ္စတန်သည် တရုတ်တို့ထံမှ အကူအညီ အမြောက်အမြားကို ရယူခဲ့သည်။ သို့သော်လည်း အမေရိကန်၏ အခန်းကဏ္ဍသည် ပါကစ္စတန်တွင် ဖျောက်ဖျက် မရသေး သောကြောင့် တရုတ်တို့သြဇာမှာ ပါကစ္စတန်မြေတွင် တော်တော်နှင့် ရုပ်လုံးမပေါ် ဖြစ်ခဲ့ရသည်။

ယခုတော့ တရုတ်၏ အင်အားမှာလည်း အနောက်အုပ်စုတွင် အမေရိကန်၊ အရှေ့အုပ်စုတွင် တရုတ်ဟု ဆိုရလောက်အောင် အင်အားကြီးထွား လာသည်။ ထို့ကြောင့် ပါကစ္စတန် အနေဖြင့် သူ့ရန်သူ အိန္ဒိယနှင့် ယခုအချိန်ထိ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ရှိနေသည့် အမေရိကန်ကို ကျောခိုင်းရန် ကြိုးပမ်းလျက်ရှိသည်။ အမေရိကန် မြှုပ်နှံမှုများကို ပါကစ္စတန်တွင် အပွားမခံတော့ဘဲ တရုတ်၏ လုပ်ငန်းများသာ လက်ရှိတွင် ပါကစ္စတန်၌ ချဲ့ထွင်ခွင့် ပေးလျက်ရှိသည်။ ထို့ကြောင့် ပါကစ္စတန်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည် ကောင်းမွန်သည် ဆိုသော်လည်း အေးစက်စက် ဟန်ပြအဖြစ်သာ ရှိတော့သည်။

တရုတ်နှင့် ပါကစ္စတန် တို့အကြား သဘော တူခဲ့သည့် အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံတန် စီမံကိန်းကြီးကို တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံဟု တရုတ်တို့က တင်စားခေါ်ဝေါ် ကြသည်။ ထိုအထဲတွင် ပါကစ္စတန်၏ စွမ်းအင်ကဏ္ဍကို ထောက်ပံ့ရေး၊ တရုတ် ရေနက်ဆိပ်ကမ်းကို ပါကစ္စတန် တွင် တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရေးနှင့် ပါကစ္စတန်မှ တရုတ်အထိ တူးမြောင်းများ ဖောက်လုပ်ရေး တို့ပင် ပါဝင်သည်။ တရုတ်တို့သည် ပါရှန်ပင်လယ် ကွေ့မှ လောင်စာဆီများ တင်ဆောင်ပြီး သူ့ နိုင်ငံအရောက် သယ်ဆောင်ရသော သင်္ဘော လမ်းကြောင်းများမှာ မိုင်ပေါင်းထောင် သောင်းချီ ရှည်လျားလှသည်။

သယ်ဆောင်ရေး ကုန်ကျစရိတ် ကလည်း ဘီလီယံနှင့်ချီ နေသည်။ ထို့ကြောင့် ဖြတ်လမ်း အသုံးပြုနိုင်မည့် ကြားခံနိုင်ငံ တစ်ခုကို တရုတ်တို့က ရှာဖွေခဲ့ကြရာ နောက်ဆုံး ပါကစ္စတန်ကို တွေ့ရှိခဲ့ ကြသည်။ တရုတ်တို့
အတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားခဲ့သည်။ ပါကစ္စတန် ကလည်း တရုတ်ကို အလိုရှိနေသည့် အချိန်၊ တရုတ်ကလည်း ပါကစ္စတန်ကို အသုံးချချင် နေသည့်အချိန် တိုက်ဆိုင် နေသဖြင့် ကွက်တိဖြစ်သည်။ ထို့ကြောင့် တစ်ထိုင်တည်း နှင့်ပင် ဒေါ်လာ ဘီလီယံပေါင်း များစွာချီသည့် သဘော တူညီချက် များကို ရရှိခဲ့ကြခြင်း ဖြစ်သည်။ ထိုအထဲတွင် စစ်ဘက်ဆိုင်ရာ သဘော တူညီချက် များလည်း ပါဝင်ခဲ့ကြသည်။ ပါကစ္စတန် သည် တရုတ်၏ ဒီဇယ် စွမ်းအင်သုံး လက်နက် တပ်ဆင်ပြီးသား ရေငုပ်သင်္ဘော များကို ဝယ်ယူနိုင်ရေး အတွက်လည်း တရုတ်နှင့် ဆွေးနွေးလျက် ရှိသည်။ ရေငုပ်သင်္ဘော ဝယ်ယူရေးသာ အောင်မြင်ခဲ့ပါက တရုတ်ထံမှ ပါကစ္စတန်၏ လက်နက် ဝယ်ယူမှုသည် သမိုင်းတွင် သွားတော့မည် ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၆ ဘီလီယံ တန်ကြေးရှိသည့် ကမ္ဘာ့ အမြောက်အမြားဆုံး လက်နက်ဝယ်ယူမှု တစ်ခုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ပါကစ္စတန်သည် တရုတ်တို့ထံမှ လက်နက် ဝယ်ယူမှု အများဆုံး နိုင်ငံလည်း ဖြစ်လာမည်။ ၂ဝ၁ဝ ပြည့်နှစ် တစ်ခုတည်း တွင်ပင် ပါကစ္စတန်၏ တရုတ်တို့ထံမှ လက်နက် ဝယ်ယူမှုသည် ၆ဝ ရာခိုင်နှုန်း အထိ ရှိခဲ့သည်။ ယခုလည်း တရုတ်နှင့် ပါကစ္စတန်တို့၏ သဘော တူညီချက်သည် ဘီလီယံနှင့် ချီရှိလာပြန် နေသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်သော ပါကစ္စတန် သည် အိန္ဒိယထက် စီးပွားရေး၊ စစ်ရေးများတွင် နောက်ကျလျက် ရှိသည်။ နှစ်နိုင်ငံကြားတွင် ကက်ရှ်မီးယား ပြဿနာကလည်း ယခုအချိန်ထိ အငြင်းပွား နေဆဲ ဖြစ်သောကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ပွား ပါက အိန္ဒိယက ပါကစ္စတန်ကို ကျိန်းသေ အနိုင်ယူနိုင်မည့် အနေအထား ဖြစ်သည်။

ယင်းကြောင့်ပင် ပါကစ္စတန်သည် တရုတ်တို့ထံမှ ခေတ်မီ စစ်လက်နက်များနှင့် ရေငုပ် သင်္ဘောများကို ဝယ်ယူလိုသည့် ဆန္ဒရှိနေသည်။ စစ်လက်နက် ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းမှု များသော ပါကစ္စတန်သည် ၂ဝ၁၄ ခုနှစ်တွင် သူ၏ စီးပွားရေးလည်း ၆ ရာခိုင်နှုန်း လောက်အထိ ကျဆင်းသွား ခဲ့သည်။ ပါကစ္စတန်သည် တရုတ်နှင့် စီးပွားရေးစင်္ကြံ လမ်းကြောင့် သူ၏ စီးပွားရေးကို ပြန်လည် ခေါင်းထောင် လာစေမည် ဟုလည်း ယုံကြည်ထားပုံ ရသည်။ ထို့ကြောင့် တရုတ် ဆောက်လုပ်ရေး လုပ်သားများကို သူ့နိုင်ငံမှ လေ့ကျင့်ထားသော စစ်သား နှစ်သောင်းကျော်နှင့် လုံခြုံရေး အပြည့်အဝ ပေးမည်ဟု အာမခံချက် ပေးထားသည်။

ပါကစ္စတန်က သူ့အတွက် အခွင့်အရေး ကြီးတစ်ရပ်ဟု မြင်သော်လည်း တကယ်တမ်း ယင်း စီးပွားရေးစင်္ကြံသည် တရုတ်တို့ အတွက်သာ မဟာဗျူဟာ မြောက်သော စီးပွားရေး အခွင့်အလမ်းကြီး ဖြစ်သည်။ ရေနက်ဆိပ်ကမ်း များ၊ တရုတ်အရောက် ပိုက်လိုင်းများနှင့် တူးမြောင်းများကြောင့် တရုတ်တို့ ပါရှန်ပင်လယ်မှ လောင်စာဆီများ သယ်ဆောင်ရသည့် ခရီးမိုင်ပေါင်း ထောင်ကျာ် သက်သာသွားမည်။ ဘီလီယံချီသည့် သယ်ယူပို့ဆောင် စရိတ်များလည်း ချွေတာနိုင်မည် ဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေး လမ်းကြောင်း ကောင်းမွန် သွားသောကြောင့် ပါကစ္စတန် ဈေးကွက်ကြီးသည် တရုတ်တို့၏ ဈေးကွက်ကြီး ဖြစ်သွား ပေတော့မည်။ ထို့ကြောင့် ပါကစ္စတန်သည် တရုတ်တို့အတွက် စီးပွားရေးအရ လွန်စွာ အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာတော့မည် သာမက ပါကစ္စတန်အပေါ် တရုတ်၏ သြဇာလည်း လုံးဝလွှမ်းမိုး သွားတော့မည် ဖြစ်သည်။ ထိုအခါ တရုတ်သည် သူ့ဘက်တွင် ပါကစ္စတန် ရှိနေသည့်အတွက် သူ၏ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွင် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်သန်းစရာ လိုအပ်တော့မည် မဟုတ်ပေ။ အိန္ဒိယသမုဒ္ဒရာ အစား ပါကစ္စတန် နှင့် တရုတ်အကြား ဖောက်လုပ်မည့် ၁၂၅ မိုင် ရှည်သည့် တူးမြောင်းများက အစားထိုးဝင်ရောက် လာတော့မည် ဖြစ်သည်။ ထိုအခါ အိန္ဒိယနှင့် အဆင်မပြေ တော့လျှင်လည်း အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်း ပိတ်ပစ်မည့် အရေးကို မပူပင်ရတော့ဘဲ အိန္ဒိယကို သူ့သဘောအတိုင်း ဆက်လက် ဆက်ဆံနိုင်မည် ဖြစ်သည်။

ယခုအခါ ပါကစ္စတန်နှင့် တရုတ်သည် စီးပွားရေး၊ စစ်ရေးပူးတွဲ လုပ်ဆောင်မှု အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသည်။ အနာဂတ်တွင် ပါကစ္စတန် တပ်မတော် အတွက် အဓိကကျလာမည့် J-17 ဂျက် တိုက်လေယာဉ် များကိုလည်း တရုတ်နှင့် ပူးတွဲထုတ်လုပ် လျက်ရှိသည်။ ထို့ကြောင့် အမေရိကန်တို့၏ အခန်းကဏ္ဍမှာ ပါကစ္စတန်တွင် မကြာမီ မှေးမှိန် သွားတော့မည် ဖြစ်သည်။

ထိုအခါ တရုတ်သည် အမေရိကန်ကို ပစ်ပယ်ပြီး အာရှ-ပစိဖိတ် လွှမ်းမိုးရေး ရည်မှန်းချက်လည်း အစိတ်အပိုင်း တစ်ခုအထိ အောင်မြင်မှု ရရှိပြီဟု ဆိုနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment