Pages

Thursday, December 3, 2015

မန္တလေး-ကျောက်မြောင်းကြား ဧရာဝတီမြစ် အတွင်း၌ မြန်မာ့တိုက်လိပ် မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ် သွားဟုဆို



မန္တလေး ၊ ၃-၁၂-၂၀၁၅

မန္တလေး-ကျောက်မြောင်း ကြား ဧရာဝတီမြစ် အတွင်း၌ မြန်မာ့တိုက်လိပ် မျိုးစိတ်များ မတွေ့ရတော့ဘဲ မျိုးသုဉ်း ပျောက်ကွယ် သွားသည်ဟု သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) အဖွဲ့မှ လေ့လာသူ များထံမှ သိရသည်။

ဧရာဝတီမြစ်အတွင်း မန္တလေး- ကျောက်မြောင်း ကြားတွင် မြန်မာနိုင်ငံမှ ပညာရှင် များသည် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ ပညာရှင်များ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ပညာရှင်များနှင့် နိုဝင်ဘာလ ပထမပတ်နှင့် ဒုတိယပတ် တို့တွင် ၁၄ ရက်ကြာ လိပ် လေ့လာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါအဖွဲ့၏ လေ့လာချက် များအရ မန္တလေး-ကျောက်မြောင်း ကြား ဧရာဝတီမြစ် အတွင်း၌ လေးကွက်လိပ်၊ ကမ္ဘာလိပ် အခွံများနှင့် မြန်မာ့တိုက်လိပ် အခွံများကို တွေ့ရှိခဲ့သည်ဟု သိရသည်။

ပညာရှင်များ၏ လေ့လာမှု အရ မြန်မာ့တိုက်လိပ် များမှာ လွန်ခဲ့သော နှစ် ၃ဝ ကျော် ရှေ့ပိုင်းတွင် နေထိုင်ကျက်စား ခဲ့ကြေ ကြာင်း၊ ယခု နောက်ပိုင်းတွင် နေထိုင် ကျက်စားမှု မရှိတော့ဘဲ မျိုးသုဉ်းသွားသည့် လက္ခဏာများ ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

မန္တလေး- ကျောက်မြောင်း ကြားရှိ ဧရာဝတီမြစ် ကမ်းအနီး နေထိုင် ကြသော ကျေးရွာများမှ ရေလုပ်သားများ နှင့်လည်း တွေ့ဆုံ ဆွေးနွေး မေးမြန်းခဲ့သည်။ ''တိုက်လိပ်တွေက ဥဥတဲ့အခါ မှာ ခုနစ်နေရာ ဥလေ့ရှိ ပါတယ်။ မြစ်ကမ်းစပ်က သောင်ခုံတွေမှာ ဥ ဥကြပါတယ်။ ခုနစ်နေရာ ဥတဲ့ နေရာမှာလဲ ခုနစ်စင်ကြယ် ပုံသဏ္ဌာန် ဥကြပါတယ်'' ဟု WCS မှ လေ့လာသူ တစ်ဦးက ပြောပြသည်။

WCS ၏ လေ့လာချက်များ အရ တိုက်လိပ် များသည် ချင်းတွင်းမြစ်တွင် နေထိုင် ကျက်စားကြောင်း၊ တိုက်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး ချင်းတွင်းမြစ် အထက်ပိုင်းတွင် ခြံစနစ်ဖြင့် မွေးမြူ၍ မြစ်အတွင်း ပြန်လည်စေလွှတ် ပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် မြန်မာ့ တိုက်လိပ်များ မျိုးသုဉ်းမှုမှ ကာကွယ်ရန် ညောင်ဦးမြို့ရှိ လောကနန္ဒာ ဥယျာဉ်အတွင်း မွေးမြူ၍ နေရင်းဒေသများ အတွင်း ပြန်လည် စေလွှတ်ခြင်း များကို ဆောင်ရွက်လျက် ရှိသည်ဟု အဆိုပါ လောကနန္ဒာ ဥယျာဉ် အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment