Pages

Tuesday, December 29, 2015

ဘ၀အလင်းအတွက် စာပေရေချမ်းစင်


ဘ၀အလင်းအတွက် စာပေရေချမ်းစင်

''ပညာနှင့်တူသော အလင်းရောင်သည် မရှိ'' ဟု ဆိုထားသည့် အတိုင်း စာပေဟူသည် လူသား အားလုံးအတွက် ဘဝကို အလင်းပေးသော အရာဖြစ်သည်။ လူ့ဘဝတွင် တတ်သိလိမ္မာမှု ဟူသမျှကို စာပေ တံခါးပေါက်မှ တစ်ဆင့် ဝင်ရောက်ရှာဖွေ ရယူကြရသည်။ စာပေမတတ်၊ မဖတ်၊ မမှတ်၊ မလေ့လာပါက လူရာမဝင် ဖြစ်ကြရသည်။

ထို့ကြောင့် စာတတ်ပြီးသူများ စာဖတ်စေရန် စာကြည့်တိုက်များ ဖွင့်လှစ်ပေးထား သကဲ့သို့ စာကြည့်တိုက်များ ဆက်လက်ဖွင့်လှစ် နိုင်ရေးအတွက်လည်း နိုင်ငံတော်နှင့် အတူ အလှူရှင်များက ပူးပေါင်းပါဝင် ကြိုးပမ်းကြသည်။ 

တစ်ဖက်တွင်လည်း နယ်လှည့် စာကြည့်တိုက်များ၊ စာပေ ရေချမ်းစင်များ ဖွင့်လှစ်ပေးလျက် ရှိရာ ကျေးလက်ဒေသ များထိ ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့ပြင် ဖွင့်လှစ်ထားရှိ ပြီးသော စာကြည့်တိုက်များ ပုံမှန်လည်ပတ် ရှင်သန်နိုင်ရေး အတွက် ဘက်ပေါင်းစုံက နည်းပေါင်းစုံဖြင့် ကြိုးစားနေကြ သကဲ့သို့ လူစည်ကားရာ ရထားဘူတာရုံ၊ လေယာဉ်ကွင်း၊ ကားဂိတ်များတွင် ခဏတာအတွင်း စာပေဖတ်ရှု နိုင်စေရန်အတွက် စာပေ ရေချမ်းစင်များ ထားရှိကာ စာဖတ်ရှိန် မြှင့်တင်မှုများ ကိုလည်း ဆောင်ရွက်ပေးလျက် ရှိသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် ပညာဒါန ပြုကြသူ အများအပြား ရှိနေကြပြီး သုတ၊ ရသစာပေများ၊ စာအုပ်၊ စာတမ်းများ လှူဒါန်းခြင်း၊ စာကြည့်တိုက် အဆောက်အအုံများ ဆောက်လုပ်လှူဒါန်း ပေးကာ ထာဝရကုသိုလ်ပြု နေကြသူများလည်း ရှိကြသည်။ ထို့ပြင် ယခုအခါ စာဖတ်ခြင်း ပွဲတော် များကိုလည်း လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေသောမြို့များတွင် ကျင်းပ လာကြသည်။

မြန်မာစာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း၊ စာချစ်သူများအဖွဲ့ ရုပ်သံလိုင်း တို့က ပူးပေါင်းဆောင်ရွက် ကြခြင်းဖြစ်ပြီး စာပေဖတ်ရှုမှုတွင် ပိုမိုစိတ်ပါဝင်စား လာစေရန်နှင့် စာဖတ်ခြင်းကြောင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ခြောက်သွေ့သော ဆောင်းဥတု ကာလတွင် ဆောင်ရွက်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ကျေးလက်ဒေသများ ရှိနေသေးသည်။ အဆိုပါဒေသ များတွင် စာကြည့်တိုက် များလည်း မရှိသောကြောင့် ကျေးလက်ဒေသနေ ပြည်သူများ စာပေဗဟုသုတ များနှင့် အလှမ်းဝေး နေကြရသည်။ ထို့ကြောင့် ဒေသနေ ပြည်သူများ စာပေ ဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းများ၊ စာပေ ဟောပြောပွဲများ ပြုလုပ်ပေး ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြို့ပြနှင့် အလှမ်းကွာဝေးသော ကျေးလက်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ခြင်း  အလေ့အထများ ရှိစေရန် မြို့ပြများ ကဲ့သို့ စာကြည့်တိုက်များ တည်ဆောက် မပေးနိုင်ပါက စာပေရေချမ်းစင်၊ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးလျှင် ကလေးများ၏ ပညာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည် ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ်

No comments:

Post a Comment