Pages

Sunday, November 29, 2015

MNDAA သောင်းကျန်းသူ အဖွဲ့များက လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် နှောင့်ယှက်ပစ်ခတ်


RPG ဒုံးသီးထိမှတ်ခဲ့သည့် ကျင်းတင်ဟိုတယ်

သိမ်းဆည်းရမိသည့် RPG ဗုံးသီးနှင့် လက်လုပ်မိုင်း တို့ကိုတွေ့ရစဉ်


နေပြည်တော် ၊ ၂၉-၁၁-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ ပတ်ဝန်းကျင် တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း များကို နိုဝင်ဘာ ၂၇ ရက် ၁၁ နာရီ ၅၀ မိနစ် ခန့်တွင် MNDAA သောင်းကျန်းသူ အဖွဲ့များက အဝေးမှ လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းများက ပြည်လည် ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် အရှေ့မြောက် ဘက် နယ်စပ်မျဉ်း ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းတွင် MNDAA သောင်းကျန်းသူ အဖွဲ့များ နှောင့်ယှက် ပစ်ခတ်ခဲ့သည့် နေရာများ တစ်ဝိုက် အသေးစိတ် ဖြန့်ခွဲ ရှင်းလင်းခဲ့ရာ လက်နက်ငယ် ကျည်ခွံ ၇ဝ ခု၊ စက်လတ် ကျည်ခွံ ၄၂ ခုနှင့် ကြိုးဆွဲ လက်ပစ်ဗုံး တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ ထိုသို့ MNDAA သောင်းကျန်းသူ အဖွဲ့များမှ လာရောက် ပစ်ခတ်ခဲ့မှုကြောင့် လောက်ကိုင်မြို့ တွင်းရှိ ကျင်းတင်ဟိုတယ် ၏ ၁ဝ လွှာနှင့် ၁၁ လွှာတို့ကို RPG ဒုံးသီးနှစ်လုံး ထိမှန်ပေါက်ကွဲ ခဲ့ပြီး ၄င်းဒုံးသီး ဒလက်နှစ်ခုကို တွေ့ရှိခဲ့သည်။ ထို့ပြင် ၄င်းဟိုတယ်နှင့် မီတာ ၃၅ဝ ခန့်အကွာတွင် RPG ဒုံးသီးတစ်လုံးကို လည်းကောင်း၊ အမှတ်(၁) ဓာတ်အားခွဲရုံ ရှိ ကွန်ကရစ် ခြံစည်းရိုးနှင့် ငှက်ပျောပင် များကြားတွင် ပီနံအိတ် အပြာရောင်ဖြင့် ထုပ်ထားသော တီအင်န်တီ ယမ်းဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း နှစ်လုံးကို လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

MNDAA သောင်းကျန်းသူ အဖွဲ့များမှ ယခုကဲ့သို့ မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လောက်ကိုင်မြို့တွင် နေထိုင်ကြသော ပြည်သူလူထု အနေဖြင့် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်းနှင့် လောက်ကိုင်မြို့ ဝန်းကျင်တွင် MNDAA သောင်းကျန်းသူ အဖွဲ့များ ခိုအောင်းလှုပ်ရှားမှု မရှိစေရေး တပ်မတော် စစ်ကြောင်းများက ဖြန့်ခွဲနယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment