Pages

Wednesday, November 4, 2015

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ၀င်ကြေးကို မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ် ရက်ရွှေ့ဆိုင်း



ရန်ကုန် ၊ ၄-၁၁-၂၀၁၅

ပြည်ပခရီးသွား ဧည့်သည်များ အဓိကဝင်ရောက် လည်ပတ်လျက် ရှိသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဝင်ကြေးကို မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်း လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဝင်ကြေးကို နိုဝင်ဘာ ၁ ရက်မှစ၍ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှု ဦးစီးဌာနတို့သို့ အကြောင်းကြားစာ ထုတ်ပြန်ထား သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရက်ရွှေ့ဆိုင်းခဲ့ ရကြောင်း သိရသည်။

ယခင်က ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဝင်ကြေးကို အမေရိကန် ဒေါ်လာနှင့် ကောက်ခံခဲ့ သော်လည်း ဝင်ကြေး ပေးဆောင်သည့် ငွေကြေး အပေါ်တွင် မင်နီ၊ မင်နက် စွန်းထင်း နေခြင်းများ၊ ဘောပင် ခြစ်ရာများ ပါဝင်နေခြင်း၊ ငွေကို တိပ်ကပ်ထားခြင်း များအပြင် ကုမ္ပဏီ တံဆိပ်တုံး ရိုက်နှိပ်ထားခြင်း၊ ဟောင်းနွမ်းပြီး ခေါက်ရိုးကျိုးရာ ပါရှိနေခြင်း တို့ကြောင့် ကောက်ခံ ရရှိသည့် ငွေကြေးတချို့ ကိုသာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် မှ လက်ခံသည့် အတွက် နိုင်ငံတော် ရငွေများ နစ်နာ ဆုံးရှုံးရကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံရန် ကြေညာပြီး သည့်နောက်တွင် ပြည်ပ ခရီးသွားများ အနေဖြင့် ပြည်ပ ငွေကြေးနှင့် ပြည်တွင်း ငွေကြေးအကြား လဲလှယ်ရာတွင် အခက်အခဲများ ရှိနေပြီး သတ်မှတ် ငွေကြေးနှင့် ကောက်ခံငွေ အကြား ကွာဟချက်များ ရှိနေကြောင်း ပြည်တွင်း ခရီးသွား လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

''တကယ်လို့သာ ဝင်ကြေးကို မြန်မာငွေနဲ့ ပြောင်းကောက်ရင် ခရီးသွား ဧည့်သည်တွေနဲ့ လုပ်ငန်းရှင် တွေကြားမှာ ငွေကြေးဆိုင်ရာ အခက်အခဲတွေ ဖြစ်လာ နိုင်သလို နေ့စဉ် ဒေါ်လာငွေကြေး လဲလှယ်နှုန်းထား တွေကြောင့် ဝင်ကြေးမှာလည်း အပြောင်းအလဲ ဖြစ်လာနိုင်တယ်'' ဟု ပြည်တွင်းခရီးသွား ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ၀င်ကြေး ကောက်ခံငွေကို နိုင်ငံခြား ငွေကြေးနှင့် ကောက်ခံ ပါကလည်း နိုင်ငံအတွင်း နိုင်ငံခြားငွေ ကျယ်ပြန့်စွာ အသုံးပြုခြင်းများ ဖြစ်ပေါ်လာ နိုင်ပြီး နိုင်ငံခြား ငွေကြေး လိုအပ်ချက်မြင့်မားလာနိုင် သကဲ့သို့ ပြည်တွင်းသုံး မြန်မာကျပ်ငွေ အခန်းကဏ္ဍ လျော့ကျ လာနိုင်ကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဝင်ရောက်ရန် ကောက်ခံသည့် နှုန်းထားမှာ ယခင်က နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂ဝ သတ်မှတ်ထားပြီး အမေရိကန် ဒေါ်လာအစား မြန်မာကျပ် ငွေဖြင့် ပြောင်းလဲ ကောက်ခံမည့် အစီအစဉ်ကို ယဉ်ကျေးမှု ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီမှ အတည်ပြု ဆုံးဖြတ်ခဲ့ သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြန်လည်ရွှေ့ဆိုင်း ခဲ့ကာ ပြောင်းလဲ ကောက်ခံမည့် ရက်ကို ထပ်မံထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

#Themyawadydaily

No comments:

Post a Comment