Pages

Thursday, November 26, 2015

သာမညဖလ အခါတော်နေ့


သာမညဖလ အခါတော်နေ့

ယနေ့သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ညသည် ကုသိုလ် ကောင်းမှုများ ထုံမွမ်းနေသည့် မွေ့လျော်ဖွယ် ညတစ်ည ဖြစ်သည်။ လောကဓာတ် တစ်ခွင်လုံး အေးမြကြည် လင်းလျက်ရှိပြီး ပျော်ပွဲရွှင်ပွဲ များနှင့် ပျော်စရာကောင်းသော ညဖြစ်သည်။ တန်ဆောင် မုန်း လပြည့်ညတွင် တန်ဆောင်တိုင် မီးထွန်းပွဲ၊ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲ၊ သာမညဖလ သုတ်တော် ဟောကြား တော်မူသည့်ပွဲ၊ မဲဇလီဖူးသုပ် ဝေငှသည့်ပွဲ စသည့်တို့ဖြင့် ကြည်နူးဖွယ် ကောင်းသော ညဖြစ်သည်။

တန်ဆောင်တိုင် မီးထွန်းပွဲကို တန်ဆောင်မုန်း လပြည့်ညတွင် ဆီမီးထွန်းညှိ၍ မြတ်စွာဘုရားအား ပူဇော်ကြသည်။ ဆီမီးဆိုသည်မှာ ဆီကို လောင်စာအဖြစ် သုံးစွဲသော မီးဖြစ်ပြီး ဆီမီးခွက်ထဲ ထည့်ကာ ချည်ခင်ကို သော်လည်းကောင်း၊ ဖော့ကိုသော် လည်းကောင်း မီးစာအဖြစ် အသုံးပြု၍ ဆီမီးထွန်းညှိ ပူဇော်ကြသည်ဟု မှတ်သားဖူးသည်။

ထို့ပြင် တန်ဆောင်မုန်း လပြည့်နေ့တွင် မသိုးသင်္ကန်း ရက်လုပ် ပူဇော်ပွဲလည်း ရှိသည်။ မသိုးသင်္ကန်း ရက်လုပ် ပူဇော်ခြင်းသည် မိထွေး တော်ဂေါတမီသည် သားတော်ဘုရားကို သင်္ကန်း ကပ်လို၍ ညဥ့်ချင်းပြီး သင်္ကန်းရက် သည်ကို အကြောင်းပြု၍ ပေါ်ပေါက် လာသည်ဟု အချို့က ဆိုသည်။

တန်ဆောင်မုန်း လပြည့်နေ့ကို မြတ်စွာဘုရားက အဇာတသတ် မင်းအား သာမညဖလ သုတ္တန် ဟောကြား တော်မူသဖြင့် ''သာမညဖလ အခါတော်နေ့'' ဟု ခေါ်တွင်သည်။ ရဟန်းပြုခြင်း၏ အကျိုးဟု အဓိပ္ပာယ် ရသော သာမညဖလသုတ် သည် ရဟန်းတော်များ အတွက် ကြေးမုံချပ်နှယ် ဖြစ်၍ ကိုယ်ကျင့် သီလကို ဆန်းစစ်ရာ ပြဒါးတိုင်ကြီး ဖြစ်သည်။

အဇာတသတ် မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ ဖခင် ဗိမ္ဗိသာရမင်းကြီး ကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့သည်။ ထိုဝေဒနာကို ကုစားရင်း တိတ္ထိခြောက်ဦး ထံ ရဟန်းပြုခြင်း၏ အကျိုးကို မေးမြန်းရာ အဖြေမရသဖြင့် သမားတော်ကြီး ဇီဝက ၏ အကြံပြုချက် အရ မြတ်စွာဘုရားထံ လျှောက်ထား သောအခါမှ ရဟန်းပြုခြင်း အကျိုးကို သိရှိခဲ့ရသည်။

ထို့ကြောင့် အဇာတသတ်မင်း နှင့် အခြွေအရံ များသည် တန်ဆောင်မုန်း လပြည့် ညချမ်းအခါတွင် ဘုရားရှင်ထံ ဖူးမြော်ရန်သွားစဉ် တောင်ရိပ်နှင့် သစ်ရိပ်များကြောင့် အမှောင်ဖုံးမှုကို မီးရှူးမီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။ ထိုထုံးကို နှလုံးမူ၍ တန်ဆောင်မုန်း လ၌ မီးထွန်းပွဲတော် ကျင်းပခြင်း ဖြစ်သည်ဟုလည်း ဆိုထားကြသည်။ အဇာတသတ်မင်း သည် သာမညဖလ တရားတော်ကို နာကြားရသဖြင့် ပုထုဇဉ် ထဲတွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင် ခံရပြီး အပြစ် ကြီးလေးသော အဝီစိငရဲမှ လွတ်မြောက်ခဲ့ ရသည်။

သို့ဖြစ်ရာ ကုသိုလ်ကောင်းမှု၊ ပျော်ရွှင်မှုတို့ဖြင့် ထုံမွမ်းသည့် တန်ဆောင်မုန်း လပြည့်ညသည် အဇာတသတ်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ရဟန်းပြုရခြင်း အကျိုးကို ဟောတော်မူ ခဲ့သော သာမညဖလ အခါတော်နေ့ အဖြစ် ထူးမြတ်လှ ပါကြောင်း ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment