Pages

Monday, November 16, 2015

ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် ဓာတ်စာများ


ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် ဓာတ်စာများ

ဒေါက်တာလွင်သန့်

ဝမ်းချုပ်ခြင်းဟာ လူအများစု ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်တယ်။ အကြောင်းရင်း တွေကတော့ အမျှင်ဓာတ် နည်းခြင်း၊ ရေသောက် နည်းခြင်း၊ ဆေးဝါးများ သုံးစွဲခြင်း တို့ကြောင့် ဖြစ်နိုင်တယ်။ ဆေးမကူရတဲ့ သဘာဝ နည်းလမ်းများ ကသာ ဝမ်းချုပ်ခြင်း သက်သာအောင် ဆောင်ရွက် လာနိုင်မှာ ဖြစ်ပါတယ်။

(၁) သံလွင်ဆီ - သံလွင်ဆီက ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။ အစာချေဖျက်မှု စနစ် မြှင့်တင် နိုင်တာကြောင့် နံနက်တိုင်း သံလွင်ဆီ တစ်ဇွန်း သောက်ပေးရမယ်။ အစားအစာ မစားရသေးခင် သောက်သုံးလျှင် ပိုထိရောက်မှု ရှိစေတယ်။ အရသာ ပိုကောင်းစေဖို့ ရှောက်သီးညှစ်ပြီး သောက်သုံးနိုင်တယ်။ ရှောက်သီးကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

(၂) ရှောက်သီး- လတ်ဆတ်တဲ့ ရှောက်သီး တစ်လုံးက အစာအိမ်ကို အကျိုးပြု စေနိုင်တယ်ဆိုတာ သိရမယ်။ ရှောက်သီးမှာ ပါတဲ့ ဆစ်ထရစ် အက်ဆစ်ဟာ အစာချေဖျက်မှု စနစ်ကို လှုံ့ဆော်ပေးတယ်။ ဝမ်းတွင်း အပူအပုပ်များ၊ မချေဖျက် နိုင်တဲ့ အစာများကို ကူညီရှင်းထုတ် နိုင်ပါတယ်။ ရေနွေးတစ်ခွက် ထဲကို ရှောက်သီး တစ်စိတ်ခန့် ညှစ်ထည့်ပြီး သောက်သုံး နိုင်ပါတယ်။

(၃) တစ်ခါတစ်ရံ ကော်ဖီက မိတ်ဆွေကောင်း ဖြစ်နေတယ် - ကော်ဖီရဲ့ မွှေးပျံ့တဲ့ရနံ့ ကဖင်းဓာတ် က အစာချေဖျက် ခြင်းကို ကူညီပေးတယ်။ တစ်ခွက်မှ နှစ်ခွက်သောက်ရင် ဆေးဖြစ်ပြီး၊ များရင် ဘေးဖြစ်စေ ပါတယ်။

(၄) ပုံမှန်အားကစား - ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များ ချောမွေ့ လည်ပတ် နိုင်အောင် ကူညီပေးတယ်။ နေ့စဉ် နာရီဝက်ကနေ၊ တစ်နာရထီ (ရွရွပြေး၊ စက်ဘီးစီး၊ လမ်းလျှောက်နှင့် ရေကူးခြင်း) ဆောင်ရွက် နိုင်တယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ဝမ်းချုပ်ခြင်းနဲ့ ဆက်စပ်မှု ရှိ၊ မရှိ၊ သုတေသန မလုပ်သေး ပေမယ့်၊ အူမကြီးရဲ့ ကြွက်သားကို ပြေလျော့စေလို့၊ ဝမ်းမှန်စေတယ်။ အစာစားပြီး တစ်နာရီ ကျော်ကြာမှ လေ့ကျင့်ခန်း လုပ်သင့်တယ်။

(၅) ဟင်းသီးဟင်းရွက် - ဖိုင်ဘာအမျှင်ဓာတ် ပါတဲ့ ဟင်းသီးဟင်းရွက် များများ စားပေးရမယ်။ အမျှင်ဓာတ်က ဝမ်းတွင်းမှာ ရှိတဲ့ စွန့်ထုတ် ပစ္စည်းများ ပျော့သွားနူးသွား စေတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက ပဲအမျိုးမျိုး၊ တရုတ်ဆီးသီး၊ ဂျုံကြမ်းပေါင်မုန့်၊ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆီးသီး၊ သစ်တော်သီး၊ ပန်းသီး၊ သစ်စေ့၊ အာလူး စတာတွေ ပါဝင်တယ်။

(၆) ရှားစောင်းလက်ပတ် - ရှားစောင်း လက်ပတ်ဟာ အသားအရေ လှပဖို့ တစ်ခုတည်း မဟုတ်ဘူး။ ဝမ်းတွင်းအစာ လှည့်ပတ်မှုကို ကောင်းစေတယ်။ ရှားစောင်း လက်ပတ်ကနေ ချက်ချင်းရယူ ထားတဲ့ အနှစ်က အကောင်းဆုံး ဖြစ်တယ်။ ထိုအနှစ်ကို ပြုပြင်ထားတဲ့ ရှားစောင်း လက်ပတ် ဖျော်ရည်ကို နှစ်ဇွန်းထက်ပိုပြီး မသုံးသင့် ပါဘူး။ သစ်သီး ဖျော်ရည်ထဲမှာ သန့်ရှင်းတဲ့ ရှားစောင်း လက်ပတ် အနှစ် နှစ်ဇွန်းရောစပ်ပြီး နံနက်တိုင်း သောက်သုံး သင့်တယ်။ (သို့) ပြုပြင်ပြီးသား ရှားစောင်း လက်ပတ်ဖျော်ရည် တစ်ခွက် သောက်သင့်ပါတယ်။

(၇) မန်ကျည်းဖျော်ရည် - မန်ကျည်းဖျော်ရည် ဟာ မြန်မာလူမျိုး များအကြိုက် ဖြစ်ပါတယ်။ မန်ကျည်းသီး အမှည့်ကို ရေစိမ်ထားပြီး၊ ထန်းလျက် နဲ့ဖျော် နံနက်စောစော သောက်ပေးခြင်းက ဝမ်းမှန်စေပြီး၊ ဝက်ခြံ၊ မွေးကျွတ်နာ တို့ ပျောက်စေတယ်။ မန်ကျည်းသီးမှည့်၊ ထန်းလျက်သုံးခဲ၊ ဆားအသင့်တင့် နဲ့ တစ်ညလုံး ရေစိမ်ထားပြီး၊ မိုးလင်းခါနီး ဖျော်ပြီး သောက်ပေးခြင်းက ပုံမှန် ဝမ်းသွားမှု ဖြစ်စေပါတယ်။

(၈) ငှက်ပျောသီး - ဖီးကြမ်း ငှက်ပျောသီး နေ့စဉ်သုံးလုံး စားပေးရင် ဝမ်းတွင်းအစာ ကြေညက်လွယ်ပြီး၊ ဝမ်းမှန် စေပါတယ်။ အနီးအနားမှာ ဖီးကြမ်း ငှက်ပျောသီး ဆောင်ထားရမယ်။

Commerce Journal

No comments:

Post a Comment