Pages

Wednesday, November 18, 2015

မန္တလေးမြို့၌ ဧရာဝတီမြစ် ရေလမ်းကောက်ခံစခန်းကို ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်



မန္တလေး ၊ ၁၈-၁၁-၂၀၁၅

မန္တလေးမြို့၌ ဧရာဝတီမြစ် ရေလမ်းကောက်ခံ စခန်းကို လာမည့် ဒီဇင်ဘာ  ၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသ(၅) ရေလမ်းညွှန် ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အဆိုပါ ရေလမ်း ကောက်ခံရေး စခန်းကို စစ်ကိုင်းတံတား ဟောင်း(အင်းဝ) ၏ အောက်၌ ရေယာဉ်တစ်စီး ထားရှိကာ ရေလမ်း အသုံးပြုခများ ကောက်ခံ သွားမည် ဖြစ်သည်။ စခန်းဖွင့်လှစ် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနမှ ရေလမ်း အသုံးပြုခ နှုန်းထား ကြော်ငြာ ဆိုင်းဘုတ်၊ အကောက်ခံ စခန်း ကြော်ငြာဆိုင်းဘုတ်၊ ရေလမ်းကြောင်း အသုံးပြုခ ပေးဆောင်ရန် နေရာ ကြော်ငြာ ဆိုင်းဘုတ်တို့ကို ကြိုတင် ပြင်ဆင်ချထား လျက်ရှိကြောင်း သိရသည်။

ရေလမ်းကြောင်း အသုံးပြုခ နှုန်းထားများမှာ စက်တပ်ပဲ့ထောင် ရေယာဉ် ၃၉ ပေနှင့်အောက် ငွေကျပ် ၂ဝဝ၊ ၃၉ ပေ အထက်ရှိ ရေယာဉ်များ (တစ်တန်မှ တန် ၁ဝဝ ထိ ရေယာဉ်) တစ်တန်လျှင် ငွေကျပ် ၅ဝ နှုန်း၊ (တန် ၁ဝဝ ထက်ရေယာဉ်) တစ်တန်လျှင် ၃၅ ကျပ်နှုန်း၊ သစ်ခွန်ဝါးခွန် အတွက် သစ်လုံး တစ်လုံးလျှင် ငွေကျပ် ၃ဝ၊ မျောတိုင် တစ်တိုင်လျှင် ငါးကျပ်၊ ဝါးလုံး တစ်လုံးလျှင် နှစ်ကျပ်ခွဲ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ရေလမ်း အသုံးပြုခ ကောက်ခံရေး စခန်းများကို ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ပြည်၊ မကွေးမြို့တို့၌ ဖွင့်လှစ်ပြီး ဖြစ်ကြောင်းနှင့် ဟင်္သာတ၊ ပခုက္ကူ၊ ကသာ၊ ဗန်းမော် တို့တွင် ဆက်လက် ဖွင့်လှစ်မည် ဖြစ်ပြီး ချင်းတွင်ြး မစ်အတွင်း မုံရွာမြို့၌ ဖွင့်လှစ်ပြီး ဖြစ်သဖြင့် ကလေးဝ၊ ဟုမ္မလင်း မြို့တို့၌ ဆက်လက် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရေလမ်းကြောင်းကို အသုံးပြု သွားလာနေသော ရေယာဉ်များသည် အကောက်ခွန် စခန်းများတွင် ရေလမ်းကြောင်း အသုံးပြုခ များကို ပို့ဆောင်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော နှုန်းထားများ အတိုင်း မပျက်မကွက် ပေးဆောင်ကြရန် အသိပေး နှိုးဆော်ချက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment