Pages

Thursday, November 19, 2015

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေးအစီအစဉ် အနေဖြင့် ကွမ်းတံတွေးထွေးသည့် အိတ်များကို ရောင်းချပေးလျက်ရှိ



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေး အစီအစဉ်တစ်ခု အနေဖြင့် ကွမ်းတံတွေး ထွေးသည့် အိတ်များကို ရောင်းချ ပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့၏ အခြေအနေမှာ တိုက်နံရံနှင့် လမ်းမများ၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ တွေ့မြင် နေရသည့်အတွက် မြို့တော်သာယာ သန့်ရှင်းစေရန် ရည်ရွယ်ပြီး ပညာပေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကွမ်းယာဆိုင် များကို တစ်အိတ်လျှင် ၁၂ ကျပ်နှုန်းဖြင့် အိတ်ပေါင်း ကိုးသောင်းခွဲ ခန့်ကို ဖြန့်ချိထားပြီး ကွမ်းတံတွေး အိတ်ပေါင်း တစ်သိန်းခွဲခန့် ထုတ်လုပ်ဖြန့်ဝေ သွားရန် စီစဉ်ထားကြောင်း သိရသည်။

ကွမ်းတံတွေးအိတ် များကို ရန်ကုန်မြို့ အနှံ့၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိပြီး ဘတ်စ်ကားဂိတ် များ၌ထားရှိသည့် ကွမ်းတံတွေးပုံး များသို့ စွန့်ပစ်နိုင်ကြောင်း၊ စည်ပင် သာယာရေး ဥပဒေတွင် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို အရေးယူ ရသော်လည်း လက်ရှိတွင် အရေးယူနိုင်ရန် အစီအစဉ် မရှိသေးကြောင်း ပညာပေး အနေဖြင့်သာ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ပညာပေး အစီအစဉ်ကို ယခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်ဆောင်ရွက် ခဲ့သော်လည်း ကွမ်းယာဆိုင် တော်တော်များများ နှင့် လူထုအကြား ပျံ့နှံ့ခြင်း မရှိသေး သည်ကို တွေ့ရသည့် အတွက် ယင်း အစီအစဉ်ကိုတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment