Pages

Monday, November 16, 2015

စလေရုပ်စုံကျောင်းတော်ကြီး အတွင်းရှိ ရှေးဟောင်းပစ္စည်းများ မပျောက်ကွယ်စေရေး ၀ိုင်းဝန်းထိန်းသိမ်းရန် လိုအပ်



မကွေး ၊ ၁၆-၁၁-၂၀၁၅

မကွေးတိုင်း ဒေသကြီး စလေမြို့ရှိ စလေရုပ်စုံ ကျောင်းတော်ကြီး မှာ ပြုပြင် ထိန်းသိမ်းမှု အားနည်းနေ သဖြင့် ရှေးဟောင်း ပစ္စည်းများ မပျောက်ကွယ် စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ကြရန် လိုအပ်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ စလေရုပ်စုံ ကျောင်းတော်ကြီး အား ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်း သုတေသနဌာနမှ ထိန်းသိမ်းကာ ပြတိုက်ဖွင့်လှစ် ခဲ့သည်။ အဆိုပါ ကျောင်းတော်ကြီးအား မြန်မာ သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် သစ်သား ကျောင်းဆောင်ကြီး အဖြစ် တည်ဆောက်ခဲ့ပြီး ၁၈ ရာစုမှ အနုပညာ လက်ရာစစ်စစ် များကို တွေ့မြင်နိုင် သဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက် လေ့လာသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတော်ကြီးသည် ပူပြင်း ခြောက်သွေ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၌ ရှိသည့်အပြင် သစ်သား ကျောင်းတော်ကြီးအား ရေနံများ သုတ်၍ ထိန်းသိမ်းထား သော်လည်း မီးဘေးအန္တရာယ် ကာကွယ်ရေး အလို အလျောက် အချက်ပေး ကိရိယာများမှာ ပျက်စီးနေခြင်း တို့ကြောင့် မီးဘေး အန္တရာယ် စိုးရိမ်ရသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''စလေရုပ်စုံ ကျောင်းတော်ကြီးမှာ တွေ့ရတဲ့ ဝရန်တာက ရုပ်လုံးတွေက စလေမှာ ရှိသမျှ ကျောင်းတွေထဲမှာ အကောင်းဆုံး ရုပ်လုံးတွေ ဖြစ်တယ်။ အဲဒါတွေကို မပျောက်ပျက် ရအောင် အဓိက ထိန်းသိမ်းရမယ်။ နိုင်ငံတကာ မှာလည်း ရှေးဟောင်း လက်ရာတွေဆိုရင် လုံခြုံရေးကို ဦးစားပေးတယ်။ အခုလက်ရှိ အခြေအနေက လုံခြုံရေး အားနည်းနေတယ်။ ပြီးတော့ ပစ္စည်းတစ်ခုကို ပြထားတယ် ဆိုရင် ဘာပစ္စည်း ဆိုတဲ့ အညွှန်းတပ် ထားရုံ မဟုတ်ဘဲ ပစ္စည်းတစ်ခုရဲ့ တန်ဖိုး၊ အဲဒီပစ္စည်းကို ထိန်းသိမ်းထားရင် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဘယ်လိုမြင့်တက် စေတယ်ဆို တာကအစ အညွှန်းပြထား သင့်တယ်'' ဟု မြန်မာမှု ဗိသုကာ ပညာရှင် တစ်ဦးက ပြောသည်။

စလေရုပ်စုံ ကျောင်းတော်ကြီးကို ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ် ခဲ့ပြီးနောက်ပိုင်း ၁၉၉၂ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်တွင် ကျပ်လေးသိန်း အကုန်အကျ ခံ၍လည်းကောင်း၊ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တွင် ဘက်စုံပြုပြင်မှု အဖြစ် ကျပ်သိန်း ၅ဝ အကုန်အကျ ခံ၍လည်းကောင်း ပြုပြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြတိုက်သည် အိမ်တော်ပုံ ကျောင်းပုံစံ ဖြစ်ပြီး အလျားပေ ၁၅ဝ၊ အနံ ၈၉ ပေ၊ မူလ ကျောင်းတိုင်ပေါင်း ၁၅၄ တိုင်၊ ကျောင်းဆောင်ပေါင်း ခုနစ်ဆောင်၊ ကျောင်းတော်ကြီးတွင် ရုပ်တုပေါင်း ၄၅ ရုပ်ရှိပြီး ကျောင်း
အတွင်း၌ ရှေးလက်ရာ ဗုဒ္ဓရုပ်ပွားတော် အဆူဆူ၊ သစ်စေးသုတ် ဗီရိုများ၊ ရှေးလက်ရာ မြေအိုးအရွယ်စုံ တည်ရှိကာ ဗီရိုများထဲတွင် မြန်မာ့စာဆိုကျော် စလေဦးပုည၏ လက်ရေး ပေပုရပိုဒ်များ၊ ၁၈ ရာစု ဘုရင်မင်းမြတ် တို့၏ အသုံးအဆောင်နှင့် ဝတ်ရုံများ ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment