Pages

Friday, November 20, 2015

ဧရာဝတီမြစ်ရေ လျော့နည်းကျဆင်းချိန် ရေလမ်းကြောင်း ရှင်းလင်းခြင်း ၊ သောင်းတူးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်



မန္တလေး ၊ ၂၀-၁၁-၂၀၁၅

မန္တလေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ ကျဆင်းချိန်တွင် ရေလမ်းကြောင်း ရှင်းလင်းခြင်း၊ သောင်တူးခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက် နေကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသ(၅) မန္တလေးမှ သိရသည်။

ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိ လာပြီဖြစ်သဖြင့် ဧရာဝတီမြစ် အတွင်း ရေကျဆင်း၍ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများလည်း ဆောင်ရွက် တော့မည်ဖြစ်ပြီး သောင်တူးခြင်း လုပ်ငန်းကို ဦးစွာစတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ကမ်းပြို ကာကွယ်ရေး လုပ်ငန်းဖြစ်တဲ့ ကျောက်စီ ရေကာတာတွေ၊ မြေထိန်းနံရံ တွေကတော့ အခုအချိန်မှာ လုပ်ငန်းစလို့ မရသေးပါဘူး။ ရေက ကျနေပြီ ဆိုပေမယ့် သောင်တူးဖော် ပေးတဲ့ လုပ်ငန်းကိုပဲ ဆောင်ရွက်လို့ ရပါသေးတယ်။ ဒါကြောင့် ဧရာဝတီမြစ် အတွင်း ရေလမ်းကြောင်း ကောင်းမွန်ဖို့ စတင်လုပ်ဆောင် နေပြီဖြစ်ပါတယ်'' ဟု ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနဒေသ(၅)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း က ပြောပြသည်။

လက်ရှိ သောင်တူးခြင်း လုပ်ငန်းကို စဥ့်ကူးမြို့နယ် ကျွန်းဦး- ရွာသာကျေးရွာ ၌ သောင်တူးစက် တစ်လုံးနှင့် လုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ နေရာသည် ယခုဘဏ္ဍာနှစ် အတွင်း ကမ်းပြို ကာကွယ်ရေး ဆောင်ရွက်ရမည့် ကျေးရွာ ၂၂ ရွာတွင် ပါဝင်လျက် ရှိကြောင်း၊ ရေကျချိန်၌ မြစ်အတွင်း ဖြစ်ပေါ်နေသော သဲသောင်ခုံ နေရာကို ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပါး တိုက်စားမှု မရှိစေရေး၊ သဲသောင်တူး
ခြင်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ကျွန်းဦး - ရွာသာကျေးရွာ အနီးမှာ ရှိတဲ့ သဲသောင်ခုံကို ရေလမ်းကြောင်းနဲ့ ကမ်းပြိုမှုအတွက် ကာကွယ်ဖို့ အခုလ ၅ ရက်က စတင်ပြီး သောင်တူး လုပ်ငန်းကို ဆောင်ရွက်ပါတယ်။ ဒီဇင်ဘာလ အကုန်လောက်မှာ ရာနှုန်းပြည့်ပြီးစီး မယ်လို့ ယူဆပါတယ်။ လက်ရှိတော့ ၂၅ ရာခိုင်နှုန်းလောက် ပြီးစီးပြီ ဖြစ်ပါတယ်" ဟု ၄င်းက ဆက်လက် ပြောပြသည်။

ပို့ဆောင်ရေး ၀န်ကြီးဌာန အနေဖြင့် သောင်တူးစက် စုစုပေါင်း ၂၃လုံးဖြင့် ပွင့်လင်းရာသီ ရေလမ်းကြောင်း သွားလာမှု လွယ်ကူစေရေး၊ မြစ်ကမ်းပါး ပြိုမှု ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အရေးပေါ် အခြေအနေ များအတွက် အသုံးပြု နိုင်ရန်လည်း အဆင်သင့် စီစဉ် ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

#Yadanarpondaily

No comments:

Post a Comment