Pages

Friday, November 27, 2015

မြန်မာ့ပုသိမ်ထီးများ ပြည်တွင်းပြည်ပ သို့ တင်ပို့ရောင်းချရန် ရာသီချိန်ရောက်ရှိလာ



ရန်ကုန် ၊ ၂၇-၁၁-၂၀၁၅

ဈေးကွက်ရာသီချိန်သို့ ရောက်ရှိ လာသောကြောင့် ပြည်တွင်း၊ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချရန် ဧရာဝတီတိုင်း ဒေသကြီးထွက် မြန်မာ့ ပုသိမ်ထီး ဈေးကွက် သွက်လက်လှုပ်ရှား လာကြောင်း ပုသိမ်မြို့ ဒေသခံ နေထိုင်သူ များထံမှ သိရသည်။

ပုသိမ်မြို့မှ ထုတ်လုပ်နေသော ပုသိမ်ထီးများသည် ပြည်တွင်းဈေးကွက် များသာမကဘဲ ပြည်ပဈေးကွက်များ သို့ပါ တင်ပို့ရောင်းချ နေရသည့် မြန်မာမှု အနုပညာ လက်ရာ ထုတ်ကုန်များ ဖြစ်သည်။ ပြည်တွင်းတွင် အလှူအတန်း ပွဲနေပွဲထိုင် သွားလာသည့် အခါတွင် ပုသိမ်ထီးကို အလှအပ ပစ္စည်းတစ်ခု သဖွယ် အသုံးပြုနေကြ သကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် နေကြသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ကလည်း မြန်မာနိုင်ငံမှ အပြန်လက်ဆောင် အဖြစ် ဝယ်ယူမှုများ ရှိသည်။

ထို့ကြောင့် ပုသိမ်ထီးများကို နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အများဆုံး လည်ပတ်သွားလာ နေသည့် နေရာဒေသများနှင့်ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ ညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ မော်လမြိုင် စသည့်ဒေသ များနှင့် ချောင်းသာ၊ ငပလီ၊ ငွေဆောင် စသည့် အပန်းဖြေကမ်းခြေ နေရာဒေသ များတွင် ဈေးကွက် ခိုင်မာစွာ ရရှိနေသည့် မြန်မာမှု လက်ရာစစ်စစ် ပြည်တွင်း ထွက်ကုန်များ ဖြစ်သည်။ ပုသိမ်ထီးသည် ပွဲလမ်းသဘင် ပေါများသော အချိန်ကာလနှင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်လေ့ ရှိသည့် ပွင့်လင်း ရာသီချိန်ကို အားထား လုပ်ကိုင်ရသော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ပုသိမ်ထီး ဈေးကွက် သွက်လက်လှုပ်ရှား နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပုသိမ်ထီး များကို အာရှ ဒေသတွင်း ဈေးကွက်များမှ မှာယူမှုများ ရှိနေသကဲ့သို့ ဥရောပ ဈေးကွက်များ ကလည်း မှာယူမှုများ ရှိနေကြောင်း၊ လက်ရှိတွင် အာရှ ဈေးကွက်ထက် ဥရောပ ဈေးကွက်များတွင် ပို၍လူကြိုက် များနေသဖြင့် ဥရောပ ဈေးကွက် များသို့ ပိုမိုတင်ပို့ ရောင်းချနေ ရကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

No comments:

Post a Comment