Pages

Tuesday, November 17, 2015

တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မြန်မာအင်တာနေရှင်နယ် ရုပ်သံက ပညာရှင်အဆင့် မြန်မာ့ရိုးရာ မီးပုံးဒီဇိုင်းပြိုင်ပွဲ ၂၀၁၅ ကျင်းပပြုလုပ်မည်



ရန်ကုန် ၊ ၁၇-၁၁-၂၀၁၅

ယခုနှစ် တန်ဆောင်တိုင် မီးထွန်း ပွဲတော်တွင် မြန်မာ အင်တာနေရှင်နယ် ရုပ်သံ (MITV)က " ထိန်းသိမ်းရိုးရာ၊ တို့မြန်မာ၊ ပါဝင်ဆင်နွှဲ၊ မီးပုံးပွဲ" အစီအစဉ်ဖြင့် ပညာရှင် အဆင့် မြန်မာ့ရိုးရာ မီးပုံးဒီဇိုင်း ပြိုင်ပွဲ ၂ဝ၁၅ ကို ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ အင်တာနေရှင်နယ် ရုပ်သံ (MITV )၏ သတင်း ထုတ်ပြန်မှုများ အရ သိရသည်။

ပညာရှင်အဆင့် မြန်မာ့ရိုးရာ မီးပုံးဒီဇိုင်း ပြိုင်ပွဲ ၂ဝ၁၅ကို တန်ဆောင်တိုင် မီးထွန်းပွဲတော် ကာလ နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင် ကွင်း၌ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

ယခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် မြန်မာ့ရိုးရာ မီးပုံးဒီဇိုင်း ပညာရှင်များ၏ မီးပုံးဒီဇိုင်း ပြိုင်ပွဲလက်ရာ များကို ရွှေထွဋ်တင် ကွင်းရှိ မီးပုံးဥယျာဉ်တွင် ခင်းကျင်းပြသ ကာ ပြိုင်ပွဲသို့ လာရောက် အားပေး ကြည့်ရှုသူ ပရိသတ်များက မိမိတို့ အနှစ်သက်ဆုံး မီးပုံးဒီဇိုင်း များကို မဲပေးရွေးချယ် ကြမည် ဖြစ်သည်။

အဆိုပါ လာရောက် ကြည့်ရှုသူ ပရိသတ်များ၏ မဲပေးသည့် အခြေအနေများ ပေါ်မူတည်ကာ ဆုများ ပေးအပ်သွားမည် ဖြစ်သည်။ ပထမဆု အတွက် ငွေကျပ် ၁ဝသိန်း၊ ဒုတိယဆု အတွက် ငွေကျပ် ခုနစ်သိန်း၊ တတိယဆု အတွက် ငွေကျပ် ငါးသိန်းနှင့် ပရိသတ် အနှစ်သက်ဆုံး ဆုအတွက် ငွေကျပ် သုံးသိန်း အပြင် အခြား နှစ်သိမ့်ဆုပေါင်း များစွာ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးပုံးပွဲတော် ပြုလုပ်ရခြင်း မှာ မြန်မာ့မီးပုံး ဈေးကွက်အတွင်း သို့ အရောင်အသွေးစုံ၊ ဒီဇိုင်းမျိုးစုံ ဖြင့် နိုင်ငံခြားဖြစ် ပလတ်စတစ် မီးပုံးများ အမြောက်အမြား ဝင်ရောက်လာ နေသောကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုကို ပြန်လည် ဖော်ထုတ် မြှင့်တင်ပေးရန် နှင့် မျိုးဆက်သစ် မြန်မာလူငယ်များ အနေဖြင့် မြန်မာ့ရိုးရာ အမွေကို မြတ်နိုးတန်ဖိုး ထားပြီး လက်ဆင့်ကမ်း ထိန်းသိမ်း တတ်စေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

No comments:

Post a Comment