Pages

Thursday, November 12, 2015

မျက်စိအတွင်းတိမ်ရောဂါ လူနာများအား အခမဲ့ခွဲစိတ်ကုသ ပေးမည်


ရန်ကုန် ၊ ၁၂-၁၁-၂ဝ၁၅

မျက်စိ အတွင်းတိမ် ရောဂါ ဝေဒနာရှင်များအား ကမ္ဘာ့ဗုဒ္ဓ သာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ ဆရာတော်ကြီး ၏ ဒါယကာ၊ ဒါယိကာမများ ဖြစ်ကြသည့် ထိုင်းနိုင်ငံမှ မျက်စိအထူးကု ပါရဂူဆရာဝန်ကြီး များအဖွဲ့က အခမဲ့စမ်းသပ် စစ်ဆေး ခွဲစိတ်ကုသ ပေးမည် ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့ ရိပ်သာကျောင်း အမှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးတင့်လွင်က ''ကျွန်တော်တို့ ချမ်းမြေ့ရိပ်သာ ကျောင်းတွေ နယ်အနှံ့မှာ ရှိတယ်ဆိုပေမယ့် မျက်စိကုသတဲ့ ဆေးခန်းကတော့ မှော်ဘီ ချမ်းမြေ့ရိပ်သာ မှာပဲရှိတာပါ။ လူနာတွေ အနေနဲ့ ခွဲစိတ်သင့်၊ မသင့် ကြိုတင် စစ်ဆေးခြင်း လုပ်ငန်းတွေ ကိုတော့ မျက်စိ ဆရာဝန်ကြီး တွေက ကမ္ဘာအေး ဘုရားလမ်း မရမ်းကုန်း လမ်းဆုံမှာ ရှိတဲ့ ရန်ကုန် ချမ်းမြေ့ရိပ်သာ မှာ ဆောင်ရွက်ပေး တာပါ။ ခွဲစိတ်မယ့် လူနာတွေ ကိုလည်း ခွဲစိတ်ခံနိုင်ဖို့ အတွက် နှလုံး၊ သွေးတိုး၊ ဆီးချို ခံနိုင်ရည် ရှိ၊ မရှိ စစ်ရပါတယ်။ တစ်ခုခု အဆင်မပြေရင် ခွဲပေးလို့ မရပါဘူး'' ဟု ပြောသည်။ 

အဆိုပါ ကုသိုလ်ဖြစ် (အခမဲ့) ခွဲစိတ်ကုသမှု နှင့်ပတ်သက်၍ ပဏာမ စစ်ဆေးခြင်းကို ထိုင်းနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီး များနှင့် သမားတော်ကြီးများ ပူးပေါင်းကာ ဒီဇင်ဘာ ၅၊ ၆၊ ၇ ရက်များတွင် ချမ်းမြေ့ရိပ်သာ (ရန်ကုန်) ၌ ပြုလုပ်သွားမည် ဖြစ်သည်။ မျက်စိ (အတွင်းတိမ်) ခွဲစိတ်ရန် ရွေးချယ်ခြင်း ခံရသော မျက်စိရောဂါ ဝေဒနာရှင် များအား ဒီဇင်ဘာ ၁၉၊ ၂ဝ၊ ၂၁ ရက်များတွင် ချမ်းမြေ့ရိပ်သာ (မှော်ဘီ) ရှိ ကုသိုလ်ဖြစ် မျက်စိ ဆေးခန်း၌ ခွဲစိတ်ကုသ မျက်ကပ်မှန် (အခမဲ့) ထည့်သွင်း ပေးသွားမည် ဖြစ်သည်။

ချမ်းမြေ့ရိပ်သာ ကျောင်းမှ ခွဲစိတ်ကုသ ပေးခဲ့သည့် မျက်စိ ဝေဒနာရှင်များမှာ ၁ဝဝဝ ခန့်ရှိခဲ့ပြီး ယခု ခြောက်ကြိမ်မြောက် တွင် လူနာ ၂ဝဝ ခန့်အား ခွဲစိတ်ကုသ ပေးမည်ဖြစ်သည်။

မျက်စိရောဂါ ကုသလိုသူများ အနေဖြင့် နိုဝင်ဘာ ၃ဝ ရက်မတိုင်မီ ချမ်းမြေ့ရိပ်သာ ကျောင်း (ရန်ကုန်)၊ အမှတ်(၅၅/က)၊ ကမ္ဘာအေး ဘုရားလမ်း မရမ်းကုန်း မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁- ၆၆၁၄၇၉၊ ဝ၁-
၆၅၂၅၈၅ နှင့် ဝ၉- ၇၃ဝ၁ ၂၃၃၃ တို့သို့ ဆက်သွယ် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။ (ဝန်းရံခ)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment