Pages

Friday, November 13, 2015

လူထုအခြေပြုခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းကဏ္ဍတွင် ပုဂံဒေသမှ ထွက်ရှိသော ယွန်းထည်ပစ္စည်းများ အရေးပါလာ



ညောင်ဦး ၊ ၁၃-၁၁-၂၀၁၅

မြန်မာနိုင်ငံသည် ယခုကာလ၌ ခရီးသွား လုပ်ငန်းသည် နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အဓိက ဖြစ်လာပြီး လူထု အခြေပြု ခရီးသွား လုပ်ငန်းကဏ္ဍ မြှင့်တင်ခြင်းတွင် ပုဂံဒေသမှ ထွက်ရှိသော ယွန်းထည် ပစ္စည်းများ အရေးပါ လာကြောင်း ခရီးသွား လုပ်ငန်းရှင်များ ထံမှ သိရသည်။

ယွန်းထည်ပစ္စည်း ထုတ်လုပ်မှု နှင့် ပတ်သက်၍ မြန်မာ့ရိုးရာ လက်မှုပညာရပ် တစ်ခုအဖြစ် ပုဂံဒေသ ယွန်းထည် များသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အတွက် ပုဂံဒေသ အမှတ်တရ ပစ္စည်းတစ်မျိုး အဖြစ် နာမည်ရကြောင်း သိရသည်။

ယွန်းပညာရပ် ဖွံ့ဖြိုး တိုးတက်ရေး၊ ရိုးရာ လက်မှုပစ္စည်း အတွက် အမွေဆက်ခံ မျိုးဆက်သစ် ပေါ်ထွန်းရေး တို့အတွက် ပုဂံမြို့ရှိ ယွန်းပညာ ကောလိပ်မှ စနစ်တကျ သင်ကြားကာ ပညာရပ် တိမ်ကော ပပျောက်မှု မရှိစေရေး သင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိသည်။

ထို့ပြင် ယွန်းထည် ပစ္စည်းများ ထုတ်လုပ်မှု အပိုင်း၌ ပုဂ္ဂလိက ပညာရှင်များ ကလည်း မိရိုးဖလာ လက်မှုပညာရပ် အဖြစ် ဆက်လက် လုပ်ကိုင် ကြသော ယွန်းပညာရှင် များက ယွန်းထည် ပစ္စည်းများကို ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ်ရောင်းချ ပေးလျက် ရှိသည်။

ပုဂံဒေသရှိ လက်မှုပညာရပ် များအပေါ် လူထုအခြေပြု ခရီးသွား လုပ်ငန်း မြှင့်တင်ခြင်း အစီအစဉ် အရ ယွန်းထည်နှင့် လက်မှုပစ္စည်း ပြသသည့် ဆိုင်ခန်း ကောင်တာများကို နေပြည်တော်ရှိ Kempinski  ဟိုတယ်နှင့် သင်္ဂဟဟိုတယ် တို့တွင် ကောင်တာ ဖွင့်လှစ်၍ ယခု နိုဝင်ဘာလမှ ဖေဖော်ဝါရီလ ထိ လေးလကြာ ပြသရောင်းချ သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အစီအစဉ်ကို JICA နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး လူထုအခြေပြု ခရီးသွား လုပ်ငန်းကို မြှင့်တင်သည့် အနေဖြင့် ပုဂံဒေသရှိ အနောက် ဖွားစောရွာ မှ ယွန်းထည်ပစ္စည်း များနှင့် မြစ်ခြေ၊ သဇင်ရွာမှ ကြိမ်ထည် ပစ္စည်းများကို လက်မှုပညာရှင် များကိုယ်တိုင် ပြုလုပ် ပြသခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ခရီးသွား လုပ်ငန်းမှ မြန်မာ့ရိုးရာ လက်မှုပညာရပ် များကို ကမ္ဘာသို့ ပြန့်နိုင်ရန်နှင့် နိုင်ငံခြားသားများ စိတ်ဝင်စားသော ရိုးရာ ပစ္စည်းများကို ဝယ်ယူနိုင်ရေး နေပြည်တော်ရှိ ဟိုတယ်ကြီး များတွင် ပုဂံဒေသ လက်မှု ပစ္စည်းများ ကို ပြသရောင်းချ သွားမည်ဖြစ်ကြောင်း၊ လူထုအခြေပြု ခရီးသွား လုပ်ငန်း မြှင့်တင်ခြင်းတွင် ယွန်းထည်ပစ္စည်း များ အရေးပါ လာကြောင်း ခရီးသွား လုပ်ငန်းရှင် များထံမှ သိရသည်။ (၁၈ဝ)

#Yadanarpondaily

No comments:

Post a Comment