Pages

Wednesday, November 25, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဌာန ။ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ 
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Daniel R. Russel အား 
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော်၊ ၂၅-၁၁-၂၀၁၅

မိမိအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း၊ ကောင်းမွန်သော ဆက်ဆံရေး မရှိစရာ အကြောင်းမရှိကြောင်း၊ နိုင်ငံအတွက် အလုပ်လုပ်ကြမည့်သူများ ဖြစ်ခြင်းကြောင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်၍ နိုင်ငံအား တည်ငြိမ်အောင်၊ တိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ယင်းကဏ္ဍတွင် တပ်မတော်အနေဖြင့် အပြည့်အ၀ ပါဝင်သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Daniel R. Russel အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ တက်ရောက်ကြပြီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel R. Russel နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Mr. Derek James Mitchell၊စစ်သံမှူး Colonel James McAden နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် မိမိနိုင်ငံ၏ ရွေးကောက်ပွဲကာလ မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာ နိုင်ငံရေး လျှောက်လှမ်းမှုနှင့် ယင်းအပေါ် အမေရိကန်ကွန်ဂရက်၏ သဘောထားအမြင်များ၊ ရွေးကောက်ပွဲလွန်ကာလ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး၊ ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံနိုင်မည့်အခြေအနေ၊ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ဆက်လက် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ၏ တိုးတက်မှု၊ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့်အဖွဲ့များ ပါဝင်လာနိုင်မည့် အခြေအနေနှင့် တိုင်းရင်းသားရေး ဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment