Pages

Wednesday, November 4, 2015

ဧရာဝတီမြစ်အထက်ပိုင်း ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် ဧရာဝတီ လင်းပိုင်နှင့် ရေနေသတ္တဝါများ စားကျက်နယ်မြေ ပျောက်ကွယ်လာ



မန္တလေး ၊ ၄-၁၁-၂၀၁၅

ဧရာဝတီမြစ် အထက်ပိုင်း ရွှေ၊သတ္တု တူးဖော်ခြင်း လုပ်ငန်းများ ကြောင့် ဧရာဝတီ လင်းပိုင်နှင့် ရေနေသတ္တဝါများ စားကျက်နေရာ ပျောက်ကွယ် လာကြောင်း ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေး ဌာနစုမှ သိရသည်။

''ရွှေ၊သတ္တု တူးဖော်မှုတွေက မြစ်ကြောင်း ပြောင်းလဲစေတဲ့ အပြင် စွန့်ပစ်ပြဒါး အရည်တွေက ရေသတ္တဝါတွေ အတွက် အလွန်အန္တရာယ် များပါတယ်။ ဒီလိုလုပ်ငန်း တွေကြောင့် ပတ်ဝန်းကျင်မှာ ကျက်စားနေတဲ့ ဧရာဝတီလင်းပိုင် တွေတင်မက ပါဘူး။ အခြားရေနေ သတ္တဝါတွေပါ စားကျက်ပျောက် သွားပါတယ်'' ဟု လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံက ပြောပြသည်။ လက်ရှိအနေဖြင့် ဧရာဝတီလင်းပိုင် များမှာ ထိန်းသိမ်းရေး နယ်မြေဖြစ်သော မန္တလေး- ကျောက်မြောင်း အကြား၌ စဉ်ဆက်မပြတ် စောင့်ကြည့် နိုင်သော်လည်း အထက်ပိုင်း ကျောက်မြောင်း- ဗန်းမော်ဒေသ တွင် စနစ်တကျ မဆောင်ရွက် နိုင်သေးကြောင်း သိရသည်။

ရွှေသတ္တု တူးဖော်ရေး လုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ် ရေများသည် ပတ်ဝန်းကျင်၌ ကျက်စားသော လင်းပိုင်နှင့် အခြားသတ္တဝါ များ၏ ခန္ဓာကိုယ်တွင် ဝင်ရောက် နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ငါးများ စားသုံးခြင်းဖြင့် လူတို့အတွက်ပါ အန္တရာယ် ရှိနိုင်သဖြင့် လိုအပ်ပါက ငါးများကို ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ စမ်းသပ်မှုများ ဆောင်ရွက် သင့်ကြောင်း လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံက သုံးသပ် ပြောပြသည်။

ဧရာဝတီလင်းပိုင် များမှာ လွန်ခဲ့သော လေးငါးနှစ် အတွင်းမှာပင် အနည်းဆုံး ၁၄ ကောင် ၁၅ ကောင်ခန့် လျော့နည်းမှု ရှိကြောင်း၊ ထိန်းသိမ်းရေး ဧရိယာပြင်ပ၌ ရွှေတူးဖော်ခြင်း စနစ်မကျသော ငါးဖမ်းနည်း စနစ်များ အသုံးပြုခြင်း၊ စက်လှေများ ခုတ်မောင်း သွားလာခြင်း များကြောင့် အများဆုံးဖြစ်ပြီးသဘာဝအလျောက် အသက်အရွယ် အိုမင်းရင့်ရော်ပြီး သေဆုံးမှု နည်းပါးကြောင်း ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေး ဌာနစုမှ လေ့လာသူများ၏ မှတ်တမ်းများ အရ သိရသည်။

ဧရာဝတီလင်းပိုင် သေဆုံးမှုများမှာ အရွယ်မရောက်သေးသည့် အကောင်ငယ် များပါ တွေ့ရကြောင်း နှင့် ထိန်းသိမ်းရေး နယ်မြေ ပြင်ပတွင် စားကျက်ပြောင်းရွှေ့ ကျက်စားမှု များလည်း တွေ့ရကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment