Pages

Monday, October 19, 2015

ပြင်ဦးလွင် ရှိ ကန်တော်ကြီး ထူးထူးခြားခြား ရေပြည့်လျှံ



ပြင်ဦးလွင် ၊ ၁၉-၁၀-၂၀၁၅

စက်တင်ဘာ ၃ဝ ရက်မှ ယနေ့အထိ အဆက်မပြတ် ရွာသွန်းလျက် ရှိသောမိုးကြောင့် ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ကန်တော်ကြီး ရေပြင်၌ ထူးထူးခြားခြား ရေများ ပြည့်လျှံလျက် ရှိကြောင်း သိရသည်။

အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း ၌ ရေကန်ကြီးငယ် လေးကန်ရှိနေရာ ဥယျာဉ်အတွင်း ရှိသဘာဝ ရေစိမ့်ထွက်တော မှလည်းကောင်း၊ အနီး ပတ်ဝန်းကျင် ညောင်နီကျေးရွာ မှ ရေမြောင်းများ ဖြင့်လည်းကောင်း ရေကန်များ အတွင်းသို့ ဝင်ရောက်လျက် ရှိရာ အထူးသဖြင့် ယခုကဲ့သို့ မိုးများစွာ ရွာသွန်းသော အချိန်၌ ပိုမိုဝင်ရောက် သည်ဟု သိရသည်။

သို့သော်လည်း ကန်တော်ကြီး ရေပြင်သည် မိုးရာသီ အချိန်အခါ၌ ရေပြည့်ရေလျှံမှု မရှိဘဲ ဝင်ရောက်လာ သမျှ ရေတို့သည် မြေအောက်ရေ အဖြစ်သို့ စိမ့်ဝင်သွားကာ ဆောင်းရာသီ ရောက်ချိန်မှ ပိုလျှံရေ တို့သည် အပေါ်သို့ ပြန်တက်လာကြ သဖြင့် ကန်ရေပြင်၌ ရေများ ပြည့်လျှံ တတ်သည်ဟု ယခင်က ကန်တော်ကြီး ၌ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးဇော်ဝင်း ၏ ပြောပြချက် အရ သိရသည်။

၎င်း၏ ထပ်မံ ပြောပြချက် အရ ကန်တော်ကြီး တာပေါင်ရိုး သည် ၁၉၁၂ ခုနှစ်က တူရကီစစ်သား များ၏ လုပ်အားဖြင့် မြေသားနှင့်သာ တာတမံ တည်ဆောက်ထား ရခြင်းကြောင့် ခိုင်ခံ့မှု အားနည်း နိုင်သောကြောင့် ရေပိုရေလွှဲ ချောင်းတစ်ခုကို သစ်သားပြား များနှင့် အထပ်ထပ် ကာရံထားရှိပြီး ကန်ရေပြင် ရေပိုရေလျှံ သောအခါ ဖောက်ချပစ် ရသည်ဟု ဆိုသည်။

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို ၁၉၁၇ ခုနှစ်တွင် အစိုးရ ရုက္ခဗေဒဥယျာဉ် Government Botanical Garden အဖြစ် တည်ထောင်ရန် တရားဝင် အမိန့် ထုတ်ပြန် ကြညာခဲ့သည့် အတွက် ယခုလာမည့် ၂ဝ၁၇ ခုနှစ်ဆိုလျှင် နှစ်ပေါင်း ၁ဝဝ ပြည့်တော့မည့် အချိန်ကာလ တွင် ယခုကဲ့သို့ မိုးရာသီကာလ အတွင်း ထူးထူး ခြားခြား ရေပြည့် ရေလျှံလျက် ရှိနေသည်ကို တွေ့ရှိရသည်။

#Yadanarpondaily

No comments:

Post a Comment