Pages

Friday, October 9, 2015

နှလုံးသည် လူ၏အသက်ထက် သုံးနှစ်ကျော် ပို၍ အိုမင်းလာကြောင်း သုတေသီများက သတိပေး


လန်ဒန် ၊ ၉-၁၀-၂၀၁၅

လူအများစုက မိမိ၏ နှလုံးကို စင်ကြယ်ရှင်သန် နေဆဲဟု ယုံကြည် နေကြသော်လည်း အမှန်တကယ် ဆေးစစ်ကြည့် လိုက်ရာ ပြောင်းပြန် အဖြေထွက် နေကြောင်း သိရှိလာရသည်။

လူတစ်ဦး၏ နှလုံးသည် ၄င်း၏ အသက်ထက် သုံးနှစ်ကျော် ပို၍ အိုမင်းလာကြောင်း၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ကပါ ဖိစီးလာပါက ထိုထက်ပို၍ အိုမင်း လာစေကြောင်း The Brithish United Provident Association Limited - BUPA အဖွဲ့ကြီးနှင့် ကမ္ဘာ့ နှလုံးဆိုင်ရာ အဖွဲ့ကြီးတို့က အဖြေပေး လိုက်ခြင်း ဖြစ်သည်။ မိမိ၏နှလုံး အိုမင်းမှုကို ယှဉ်တွဲ၍သိရှိ လာနိုင်ပြီး စစ်ဆေးမှု များတွင် မိမိ၏ ကျန်းမာရေး၊ သွေးများ အတွင်း အယ်လ်ကိုဟော ပါဝင်မှု၊ သွေးတိုးနှုန်းနှင့် မိသားစုမျိုးရိုး နေထိုင် မကောင်းမှုများ ပါဝင်သည်။

သုတေသီများ တွေ့ရှိ လာသည်မှာ ကာယလုပ်အားဖြင့် လုပ်ကိုင် အသက်မွေး ဝမ်းကျောင်း နေရသူများ၊ သယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ ဆောက်လုပ်ရေး အလုပ်သမား များသည် နှလုံး ကျန်းမာရေး အညံ့ဆုံး အဆင့်၌ ရှိနေသူများ ဖြစ်ကြောင်း တွေ့ရှိ ခဲ့ကြသည်။ အချို့သော အလုပ်သမား များတွင် ဆေးလိပ် သောက်သူများ ဖြစ်ပါက ၄င်းတို့၏ နှလုံးအိုမင်းမှု တွင် နှလုံးက ၈ ဒသမ ၇ နှစ်ပို၍ အိုမင်းနေကြောင်း တွေ့ရှိ လာခဲ့ရသည်။

စာရင်းကိုင် အလုပ်လုပ် သူများ၊ ဘဏ်များနှင့် ငွေရေးကြေးရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြ သူများ၊ ကျောင်းဆရာ၊ ဆရာမ များတွင် အကောင်းဆုံး နှလုံးများ ပိုင်ဆိုင်နေကြ သူများဟု စစ်တမ်းက ဖော်ပြခဲ့သည်။ BUPA အဖွဲ့ဝင် ဒေါက်တာ ဖီအိုနာအက်ရှီဒ် ကိုယ်တိုင် က ယနေ့ ကမ္ဘာကြီး၏ အခြေအနေများ အတိုင်းသာ ဆက်လက် သွားနေပါက လာမည့် ၂ဝ၃ဝ ပြည့်နှစ် ရောက်လျှင် ကမ္ဘာသူ ကမ္ဘာသား ၂၃ သန်းကျော် တို့သည် နှလုံးရောဂါ ကြောင့် သေဆုံးရဖွယ် ရှိနေသည်။

BUPA အဖွဲ့ကြီးနှင့် ကမ္ဘာနှလုံးရောဂါ ဆိုင်ရာ အဖွဲ့ကြီးတို့သည် ၄င်း စစ်တမ်းကြီး ရရှိရေး အတွက် နှလုံးရောဂါ မရှိသူပေါင်း ၈ဝဝဝ ကျော်တို့ကို တွေ့ဆုံမေးမြန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment