Pages

Thursday, October 22, 2015

စာအုပ်ဈေးကွက် ကျဆင်းလာ၍ ၀တ္ထုနှင့် ရုပ်ပြစာအုပ် ထုတ်ဝေသူများမှ ထုတ်ဝေခြင်းများ ရပ်ဆိုင်း


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၅

ယခင်နှစ်များထက် ဝတ္ထုနှင့် ရုပ်ပြစာအုပ် များ၏ ဈေးကွက် ကျဆင်းလာမှု များပြားလာ သောကြောင့် ဝတ္ထုနှင့် ရုပ်ပြစာအုပ်များ ထုတ်ဝေသူ တချို့ ဆက်လက် ထုတ်ဝေ ဖြန့်ချိခြင်း မရှိဘဲ ရပ်နားမှုများ ပြုလုပ် ထားကြောင်း သိရသည်။

''ပြီးခဲ့တဲ့ လေးငါးနှစ်က စပြီး စာအုပ်ဈေးကွက် ကျဆင်း နေတာပါ။ ဒါပေမဲ့ ဒီနှစ်မှာ ပိုပြီး ဈေးကွက်ကျဆင်း လာတာကြောင့် ထုတ်ဝေသူတွေ အနေနဲ့ ထုတ်ဝေမှု တွေ မလုပ်တော့ဘဲ ရပ်နားထားပြီး ထုတ်ဝေပြီးသား စာအုပ်တွေ ကိုပဲ ရောင်းချ နေတာတွေ များလာပါတယ်။ စာအုပ်ဈေးကွက်က မြို့ကြီးတွေမှာဆို ပိုကျဆင်းနေပြီး နယ်မြို့လေး တွေလောက်ပဲ ဝယ်ယူမှု ရှိနေတာပါ။ နာမည်ကြီး စာရေးဆရာ တွေရဲ့ စောင်ရေ တွေဆိုလည်း အရင်က ၆ဝဝဝ လောက် ရှိမယ်ဆိုရင် အခုက ၁၅ဝဝ၊ ၂ဝဝဝ လောက်ပဲ ရှိတော့တာကြောင့် ဈေးကွက်ပျက်ပြီး ရပ်နား ထားတာတွေ ရှိနေပါတယ်'' ဟု စာပေထုတ်ဝေသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ စာအုပ်ဈေးကွက် ကျဆင်း ရခြင်းသည် အင်တာနက် အသုံးပြု၍ စာဖတ်ရှုသူ များပြား လာခြင်းကြောင့် စာအုပ်များတွင် ဖတ်ရှုသူ နည်းပါးလာပြီး ရောင်းအား မရှိတော့ခြင်း ဖြစ်သည်။ လက်ရှိတွင် ထုတ်ဝေပြီးသား စာအုပ်များနှင့် သုတ၊ ရသ စာအုပ်များ ကိုသာ ထုတ်ဝေမှု ပြုလုပ်နေပြီး ရုပ်ပြစာအုပ် များနှင့် ဝတ္ထုစာအုပ်များ ထုတ်ဝေမှု နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် စာအုပ်များ ထုတ်ဝေမှု နည်းပါး၍ ဝတ္ထုများနှင့် ရုပ်ပြများ ထုတ်ဝေမှု ရပ်နား ထားသောကြောင့် ထုတ်လုပ်မှု မရှိသလောက် နည်းနေကြောင်း သိရသည်။ ထို့အပြင် နာမည်ကြီး စာရေးဆရာ များ၏ စာပေများကို ထုတ်လုပ် ရာတွင်လည်း စောင်ရေများ လျှော့၍ ထုတ်ဝေ နေရကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၂၂)

#Themyawadydaily

No comments:

Post a Comment