Pages

Monday, October 5, 2015

မြန်မာ့ရိုးရာ ကျောက်ဆည်ဆင် အလှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည်



ကျောက်ဆည် ၊ ၅-၁၀-၂၀၁၅

ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံ များမှ ကမ္ဘာလှည့် ခရီးသွားများပါ စိတ်ဝင်စား ကြသည့် မြန်မာ့ရိုးရာ ကျောက်ဆည်ဆင် အလှူပွဲတော်နှင့် ဆင်အကအလှ ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်တွင် ကျောက်ဆည်မြို့ရှိ ရွှေသာလျောင်း တောင်ခြေတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ကျောက်ဆည်မြို့၏ အဓိကပွဲတော် တစ်ခုဖြစ်သော ကျောက်ဆည်ဆင် အလှူပွဲတော် နှင့် ဆင်အက အလှပြိုင်ပွဲ၌ ဆင်အစီးရေ ၆ဝ ကျော် ပါဝင်ကြမည် ဖြစ်ပြီး ဘော်ကြယ်ဆင်၊ ရိုးရာဆင် နှင့် ကလေးဆင်များ ပါဝင် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားကာ အမျိုးအမည် လိုက်ပါဝင် ယှဉ်ပြိုင်မည့် ဆင် အရေအတွက်ကို မသိရှိရ သေးကြောင်း သိရသည်။

''ရိုးရာမပျက် ဆင်ပြိုင် ပွဲတော်ကို ရွှေသာလျောင်း တောင်ခြေမှာ တစ်နေ့တည်း၊ တစ်နေရာတည်း ဆင်အကောင်ရေ ၆ဝ ကျော် လောက်နဲ့ အဖွဲ့လိုက် ပြိုင်မှာဖြစ်ပြီး ဘော်ကြယ်ဆင်၊ ရိုးရာဆင်၊ ကလေးဆင် ဆိုပြီး သုံးမျိုးခွဲခြား ပြိုင်မှာ ဖြစ်ပါတယ်။ တစ်မျိုးကို ပထမ၊ ဒုတိယ၊ တတိယ ဆုတွေ ခွဲခြားပြီး ဆုချီးမြှင့် သွားမှာ ဖြစ်ပါတယ်'' ဟု ပြိုင်ပွဲ ကျင်းပရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျောက်ဆည်ဆင် အလှူပွဲတော် နှင့် ဆင်အကအလှ ပြိုင်ပွဲတွင် ပြီးခဲ့သည့်နှစ်က ဆုကြေးများ အဖြစ် ရိုးရာဆင် ပြိုင်ပွဲတွင် ပထမဆု ကျပ် ၁ဝ သိန်း၊ ဒုတိယဆု ကျပ်ရှစ်သိန်း၊ တတိယဆု ကျပ်ခြောက်သိန်း၊ ဘော်ကြယ်ဆင် ပြိုင်ပွဲတွင် ပထမဆု ကျပ်ရှစ်သိန်း၊ ဒုတိယဆု ကျပ်ခြောက်သိန်း၊ တတိယဆု ကျပ်လေးသိန်း၊ ကလေးဆင် ပြိုင်ပွဲတွင် ပထမဆု ကျပ်ခြောက်သိန်း၊ ဒုတိယဆု ကျပ်လေးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့နှင့် လပြည့်နေ့ တို့တွင် ဆင်အလှပြ၊ ဆင်အက ပြိုင်ပွဲများ ဆင်လှူပွဲတော် နှင့်အတူ ဆွမ်းတော်ကြီး ကပ်လှူပွဲကို ကျောက်ဆည်မြို့၌ ကျင်းပ လာခဲ့သည်မှာ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီး လက်ထက်မှ ယနေ့တိုင်အောင် နှစ်ပေါင်း ၉၈ဝ ကျော်ရှိသွားပြီ ဖြစ်သည်။ အဆိုပါ ပွဲတော်ကြီး ကျင်းပရသည့် ရည်ရွယ်ချက်မှာ လယ်တွင်း ကိုးခရိုင်တွင် မိုးလေဝသ မှန်ကန်ပြီး ဆန်ရေစပါးများပေါများကြွယ်ဝ စေရန် ရိုးရာမပျက် လှူဒါန်းပူဇော် ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment