Pages

Friday, October 30, 2015

ပြင်ဦးလွင်မြို့ရှိ ရထားလုံးများကို အဆင့်မြှင့်တင်မှုအဖြစ် အလှမီးများ တပ်ဆင်ပြီး ဝတ်စားဆင်ယင်မှု သတ်မှတ်မည်



ပြင်ဦးလွင် ၊ ၃၀-၁၀-၂၀၁၅

ပြင်ဦးလွင်မြို့ရှိ ရထားလုံး (ဗီရိုမြင်းလှည်း) များကို ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်ရန် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ပြင်ဦးလွင်မြို့နယ် စည်ပင် သာယာရေး အဖွဲ့၏ သတင်းများအရ သိရသည်။

ရထားလုံးများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ပြင်ဦးလွင် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့က ရထားလုံး ပြေးဆွဲမောင်းနှင် သူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး ညှိနှိုင်းမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားလုံးများ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းအတွက် ရထားလုံးများတွင် စီးနင်းသူများ စိတ်ဝင်စားပြီး မျက်စိပသာဒ ရှိစေရန် ညအလှမီးများ တပ်ဆင်မည် ဖြစ်ကြောင်း ထို့ပြင် ရထားလုံးပြေးဆွဲ မောင်းနှင်သူများ ကိုလည်း ဝတ်စားဆင်ယင်မှု သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

''ဒီရထားလုံးလေး တွေက ပြင်ဦးလွင်မြို့ရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ သုံးဘီးယာဉ်တွေ ပေါ်လာတော့ ရထားလုံး ပြေးဆွဲမှု လျော့နည်း ကျဆင်းပြီး အရေအတွက်လဲ လျော့နည်း သွားပါတယ် ဒါတွေကို ထိန်းသိမ်းနိုင်ဖို့ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာက ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အလှမီးတွေ တပ်ဆင်မယ်။ ရထားလုံး မောင်းနှင်သူ တွေကို ဝတ်စား ဆင်ယင်မှု သတ်မှတ်ပေးမယ်။ ဥပမာ ကောင်းဘွိုင် ဝတ်စုံမျိုး တွေလို ဖြစ်ပါတယ်။ ဒါတွေအတွက် ရထားလုံး ပိုင်ရှင်တွေက ငွေကြေး ကုန်ကျခံစရာ မလိုပါဘူး။ သက်ဆိုင်ရာက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်'' ဟု မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှုဆောင် အရာရှိက ပြောပြသည်။

လက်ရှိအနေဖြင့် ရထားလုံးများတွင် ညအလှမီး တပ်ဆင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ယခုနှစ် ပြင်ဦးလွင်မြို့တွင် ကျင်းပမည့် မီးပုံးပျံပြိုင်ပွဲတွင် ညအလှမီး တပ်ဆင်ထားသည့်  ရထားလုံးများကို သတ်မှတ်ဝတ်စုံ ဝတ်ဆင်ထားသော ရထားလုံး မောင်းနှင်သူ များဖြင့် ဖွင့်ပွဲ အခမ်းအနားတွင် အစီအစဉ် တစ်ရပ်အဖြစ် ပါဝင်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment