Pages

Wednesday, October 21, 2015

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ (မြို့တော်ခန်းမ) အား အများပြည်သူ လေ့လာနိုင်သောနေရာ အဖြစ် ထားရှိမည်



ရန်ကုန် ၊ ၂၁-၁၀-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ (မြို့တော်ခန်းမ) အား အများပြည်သူ လေ့လာ၍ရသော အဆောက်အအုံ အဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင် က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ အချက်အလက် များအား အများပြည်သူ သိရှိနိုင်ရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးပွား ရရှိစေရန် ယခုကဲ့သို့ ရည်ရွယ် စီစဉ်ခြင်း ဖြစ်ပြီး နိုင်ငံခြားသားများ အတွက်သာ သီးသန့်ဝင်ကြေး ကောက်ခံသွားမည် ဖြစ်ကာ အများပြည်သူ ကို အခမဲ့ လေ့လာခွင့်ပြု သွားမည်ဟု သိရသည်။

ယင်း အဆောက်အအုံ အား နိုဝင်ဘာလမှ စတင်၍ အများပြည်သူ လေ့လာနိုင်သော နေရာတစ်ခု အဖြစ် လုပ်ဆောင်နိုင်ရန် တင်ပြ ထားကြောင်း သိရသည်။

ထို အဆောက်အအုံကို အများပြည်သူ လေ့လာနိုင်သော နေရာတစ်ခု အဖြစ် ခွင့်ပြုချက် ရရှိပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အတွင်း၌ အများပြည်သူ လူထုရေးရာ တင်ပြချက် များအား ပြန်လည် ဖြေရှင်း နိုင်မည့် ဆားဗစ်စင်တာတစ်ခု ဖွင့်လှစ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အဖြစ် အဝင်အထွက် များအား ခေတ်စနစ်နှင့် အညီ သွားလာနိုင်ရန် လုပ်ဆောင်ခြင်း၊ အဆောက်အအုံ အား ရှေးမူမပျက် ပြုပြင် ထားရှိခြင်းနှင့် ပြခန်းများ ထားရှိပေးခြင်း တို့ကို လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ သည် လွန်ခဲ့သော ၁၉၂၂ ခုနှစ်မှစ၍ နှစ်ပေါင်းများစွာ တည်ရှိသော ရှေးဟောင်း အဆောက်အအုံ City Hall ကြီးတစ်ခု ဖြစ်ကြောင်း၊ ယင်း အဆောက်အအုံ မျိုးအား နိုင်ငံတကာတွင် အများပြည်သူ လေ့လာနိုင်ရန် ထားရှိပေး ထားကြောင်း သိရသည်။

ထို့အပြင် အင်္ဂလိပ်လက်ထက် မှစ၍ ယနေ့ထိအောင် လေ့လာစရာ များစွာရှိသော ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံကို အများပြည်သူ လေ့လာနိုင်ရန် နှင့် City Hall အား လေ့လာလိုသောနိုင်ငံခြားသား များအတွက် ဖွင့်လှစ်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment